ကာစီမီရိုရဲ့ မိုက်မဲတဲ့ အနီကတ်ကြောင့် ပဲလေ့စ်ကို နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဗက်ဂ်ဟော့စ်တို့ကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ခရစ္စတယ်လ်ပဲလေ့စ်အသင်းကတော့ ဂိုးသမား ဂွိုင်တာ၊ ခံစစ်မှာ ရစ်ချတ်စ်၊ ဂေးဟီ၊ ကလိုင်းန်နဲ့ မစ်ချဲလ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ ဝီလ် ဟယူးချ်နဲ့ အိုလီဆေးတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ အာယူး၊ ရှလု(ပ်)နဲ့ အေဒူယာတို့ကို အသုံးပြုလာခဲ့တာပါ။

ပွဲစကတည်းက အိမ်ရှင်တွေအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ စိုးမိုးကစားနိုင်ခဲ့ကြပြီး ပေါင်ကြွက်သားဒဏ်ရာရနေတဲ့ ဇာဟာ မပါဝင်နိုင်ခဲ့တဲ့ ပဲလေ့စ်တို့ကတော့ မန်ချက်စတာယူနိုက်တက်တို့ကို ကစားကွက်ချင်းရော အရှိန်အဝါချင်းပါ ယှဉ်ကစားဖို့ မဖြစ်နိုင်ခဲ့ချိန်မှာ ကောင်တာကိုသာ အားပြုခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာပဲ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ စောစောစီးစီးမှာပဲ ရက်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ဘောကို လက်နဲ့ ပုတ်မိတဲ့ ပဲလေ့စ်ကွင်းလယ်လူ ဟယူးချ်ကြောင့် အငြင်းအခုံ အတော်ကြာကြာဖြစ်ပွားပြီးမှ VAR ပြန်ကြည့်ပြီး ပေးတဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ်က သူကန်နေကျ ပုံစံအတိုင်း ကန်ရာမှာ စောင့်ဖမ်းရမယ့်အစား မကန်ခင် လှဲအိပ်နေတဲ့ ဂိုးသမား ဂွိုင်တာကြောင့် လွယ်လွယ်ကူကူ ဂိုးဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ ထောင့်ကန်ဘောကနေ ဗက်ဂ်ဟော့စ်ရဲ့ ခေါင်းတိုက်ချက်ကို ဂွိုင်တာ ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ရဲ့ ထီထိုးတဲ့ ကန်ချက်တွေကတော့ ဂိုးသမားဆီကိုပဲ ရောက်သွားခဲ့ကြသလို ဗက်ဂ်ဟော့စ် ပေးတာကနေ ဖရက်ဒ်က အနီးကပ် ပိတ်သွင်းခဲ့ရခဲ့ပေမယ့်လည်း တိုင်ဘေးက ကပ်ထွက်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ ရှလု(ပ်)ရဲ့ အဝေးကန်ချက်တစ်ကြိမ်ကိုတော့ ဒဟေးယား ပုတ်ထုတ်နိုင်ခဲ့သလို့ တစ်ဂိုး-ဂိုးမရှိနဲ့ ယူနိုက်တက်တို့ ဦးဆောင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အပြောင်းအလဲမရှိလို့ ပဲလေ့စ်ခံစစ်က ပိတ်ဆို့တာကို ခံနေရမှုကို ချေဖျက်ဖို့ ဗက်ဂ်ဟော့စ်အား ဂါနာချိုကို ထည့်သွင်းပြီး ရက်ရှ်ဖို့ဒ်က အထောင်ပြန်ကစားခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂါနာချို ဆွဲယူလာပြီး ဘယ်ခြမ်းကို ထုတ်ပေးရာမှာ အသင့်ရှိနေတဲ့ လုခ်ရှောက ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ လူမကပ်ဘဲ ဘောလုံးကို ပြေးဖျက်ဖို့ ကြိုးစားတဲ့ ရစ်ချတ်စ်ရဲ့ အတွေ့အကြုံ နုနယ်တဲ့ အမှားကနေ လွတ်သွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်က အနီးကပ် ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ အန်တိုနီနဲ့ ရှလု(ပ်)တို့ ငြိရာကနေ နှစ်သင်းစလုံး ပါဝင်လာတဲ့ ရန်ပွဲဖြစ်ပွားခဲ့ပြီး ဒီပွဲအတွင်းမှာတော့ ပဲလေ့စ်ဘက်က ဟယူးချ်ရဲ့ လည်မျိုကို ကိုင်တွန်းခဲ့တဲ့ ကာစီမီရို အနီကတ်နဲ့ အထုတ်ခံခဲ့ရတာကြောင့် မန်ယူတို့ ဆယ်ယောက်ဖြစ်သွားခဲ့ပြီး ဧည့်သည်တွေအနေနဲ့ ဒါကို အခွင့်ကောင်းယူဖို့ ဟယူးချ်နဲ့ အာယူးအစား လိုကွန်ဂါနဲ့ အီဇီတို့ကို လဲပြီး တိုက်စစ်မြှင့်လာခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ပဲလေ့စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောက ပြန်ကျလာတဲ့ ဘောလုံးကို ဒူကူရေး ကန်ရာမှာ ဂိုးပေါက်မတည့်ခဲ့ပေမယ့် ရှေ့မှာ ရှိနေတဲ့ ရှလု(ပ်)က လမ်းကြောင်းပြောင်းပြီး တည့်ပေးနိုင်ခဲ့လို့ ဂိုးသမား ဒဟေးယား အငိုက်မိသွားခဲ့ပြီး ကာကွယ်ဖို့ နောက်ကျသွားခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးပြန်ဖြစ်နေခဲ့ပါတယ်။

မန်ယူတို့ဘက်က အန်တိုနီအစား ဆာဘစ်ဇာကို ထည့်ပြီး ကွင်းလယ်ကို ထိန်းခိုင်းချိန်မှာ ပဲလေ့စ်နည်းပြ ဗီယာရာအနေနဲ့ အမှားကျူးလွန်ခဲ့ပြီး ဂိုးသွင်းရှင် ရှလု(ပ်)နဲ့ ကွင်းလယ်က ဒူကူရေးတို့အစား ဘယ်တုန်းကမှ ကောင်းကျိုးမပေးတဲ့ မာတက်တာနဲ့ လူသစ် အာဟာမာဒါတို့ကို ထည့်သွင်းခဲ့လို့ တိုက်စစ်က ဟုတ်မလိုလိုနဲ့ အီသွားခဲ့ပြီး အမြင့်ဘောတွေပဲ စောင့်ကစားရသလိုဖြစ်သွားခဲ့တာပါ။

အိမ်ရှင်နည်းပြ တန်ဟတ်ကတော့ သုံးမှတ်ရအောင် ယူဖို့အတွက် ခံစစ်က ဝန်ဘစ်ဆာကာနဲ့ တိုက်စစ်က ဂါနာချိုတို့အစား မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသွားခဲ့ပြီး ပဲလေ့စ်တို့ရဲ့ တိုက်စစ်တွေကိုတော့ လုံလုံခြုံခြုံ ပိတ်ဆို့သွားနိုင်ခဲ့သလို နာကျင်အချိန်ပို ၇ မိနစ်အထိ ပေးခဲ့ပေမယ့် ယူနိုက်တက် ကစားသမားတွေအနေနဲ့ ပါးပါးနပ်နပ် အချိန်ဆွဲကစားပြီး ရလဒ်ကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပြီးဆုံးခဲ့တဲ့ အနိုင်ရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ သုံးမှတ်ရရှိခဲ့ပြီး နယူးကာဆယ်လ်တို့ မကစားခင် တတိယနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြသလို ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသွင်းရှင်ကို လူလဲကစားခဲ့တဲ့ နည်းပြ ဗီယာရာရဲ့ အထာမနပ်မှုတွေနဲ့ နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး အဆင့် ၁၂ နေရာမှာ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Post a Comment

Previous Post Next Post