![]()
![]()
ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဘာဒီယာရှီးလ်၊ ရီးစ်ဂျိမ်းစ်နဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လူသစ် အန်ဇို ဖာနန်ဒက်ဇ်၊ ဂါလာဂါနဲ့ မေဆန်မောင့်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ မူဒရစ်ခ်နဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
![]()
![]()
ဧည့်သည် ဖူလ်ဟမ်အသင်းကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ တင်မ် ရင်းမ်၊ ဒီယော့ပ်၊ ကင်နီ တီတီနဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ပယ်လင်ညာ၊ အန်ဒရီးယက်စ် ပါရဲရား၊ ဒီကော်ဒိုဗာ-ရိဒ်နဲ့ ဝီလီယန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။
![]()
![]()
ပွဲစကတည်းက ချဲလ်ဆီးတို့ ဘောလုံးကိုင်ကစားခဲ့ပြီး ပွဲကို စိုးမိုးထားခဲ့သလို လူသစ် ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်က ဖြန့်ဝေမှုတွေက သူတို့ကို အတိုင်းအတာတစ်ခုအထိ အကျိုးပြုခဲ့ပေမယ့် ညာခြမ်းမှာ အလုပ်မဖြစ်တဲ့ ဇီးယက်ရှ်နဲ့ ဘယ်ခြမ်းမှာ ပိတ်မိနေခဲ့လို့ ဘာမှ မလုပ်တတ်ခဲ့တဲ့ မူဒရစ်ခ်တို့ကြောင့် တိုက်စစ်မှာ ဟာဗတ်ဇ်တစ်ဦးတည်းကို အားကိုးနေခဲ့ရတာဖြစ်ပါတယ်။
![]()
![]()
ဖူလ်ဟမ်တို့ရဲ့ တန်ပြန်တိုက်စစ်တွေက ခြိမ်းခြောက်မှုတွေက ကီပါအတွက်တော့ စိုးရိမ်စရာ သိပ်မရှိခဲ့ဘဲ နောက်ချန်လွန်းနေပြီး ကောင်တာ ဝင်ချိန်မှာ အဆုံးသတ်ဖို့ အဆင်သင့် မရှိတဲ့ မီထရိုဗစ်ချ်ကြောင့်လည်း ချဲလ်ဆီးခံစစ်က သိပ်မရုန်းခဲ့ရသလို ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်ကတော့ အိမ်ရှင် ကစားသမားတွေအတွက်ဆိုရင် အဝါကတ်ကို တော်တော်လေး ချွေချွေတာတာ သုံးစွဲသွားခဲ့တာကိုလည်း မြင်ခဲ့ရတာပါ။
![]()
![]()
ပါရဲရားရဲ့ ကန်ချက်တစ်ကြိမ်ကို ကီပါ ကာကွယ်ခဲ့ရသလို ဟာဗတ်ဇ်ရဲ့ ထိုးဖောက်မှုတွေကတော့ ဂိုးနဲ့ လွဲချော်သွားခဲ့တာကြောင့် ပထမပိုင်းမှာ ချဲလ်ဆီးတို့ ဂိုးပေါက်တောင် တစ်ကြိမ်မှ မတည့်ဘဲ ဖူလ်ဟမ်တို့နဲ့ ဂိုးမရှိ သရေကျနေခဲ့ရပြီး ဒုတိယပိုင်း ပြန်အစမှာတော့ နည်းပြ ပေါ့တာက ယူရိုသန်း ၁၀၀ တန်ကြီး မူဒရစ်ခ်အစား နောက်ထပ် လူသစ်တစ်ဦးဖြစ်တဲ့ မာဒူးကီကို ထည့်သွင်းပြောင်းလဲလာခဲ့ပါတယ်။
![]()
![]()
ဖူလ်ဟမ်ခံစစ်ပိုင်းမှာ ရော်ဘင်ဆန်က လျင်လျင်မြန်မြန်နဲ့ အတက်အဆင်း ကစားနိုင်ခဲ့သလို ကင်နီ တီတီကလည်း သူ့ရဲ့ ညာခြမ်းကို အကောင်းဆုံး ထိန်းချုပ်ထားခဲ့တာကြောင့် ချဲလ်ဆီးတို့ အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် မိနစ် ၆၀ မှာတော့ ဇီးယက်ရှ်နဲ့ ရီးစ် ဂျိမ်းစ်တို့အစား စတာလင်နဲ့ အက်ဇ်ပီလီကွေတာတို့ကို ပြောင်းလဲပြီး တိုက်စစ်ကို လူများများ ပိုလိုက်နိုင်ဖို့ ကြိုးစားလာခဲ့ရတာပါ။
![]()
![]()
အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ဝီလီယန်က ဟာကွက်အတော်များများကို ဖြည့်ဆည်းသွားခဲ့သလို တိုက်စစ်မှာရော ခံစစ်မှာပါ တာဝန်ကျေနိုင်ခဲ့လို့ ချဲလ်ဆီးတို့ ပိုမိုစိတ်ပျက်ခဲ့ရပြီး ဖာနန်ဒက်ဇ်ရဲ့ ကန်ချက်တစ်ကြိမ် တိုင်ဘေးက ထွက်သွားခဲ့အပြီးမှာတော့ မေဆန်မောင့်အစား ဒေးဗစ် ဒါထရို ဖိုဖာနာ ဝင်လာခဲ့ချိန်မှာ ဖူလ်ဟမ်တို့ကတော့ ဝီလီယန်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့အစား ဆော်လမွန်နဲ့ ဝီလ်ဆန်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။
![]()
![]()
ပွဲချိန် မိနစ် ၈၀ မှာ စောင့်ဖမ်းရမယ့် ဘောလုံးကို ရူးကြောင်ကြောင်နဲ့ ရှေ့ထွက်ယားတဲ့ လီနိုကြောင့် ဖိုဖာနာက ကျော်ဖြတ်ရယူပြီး ကန်သွင်းဖို့ ကြိုးစားရာမှာ ဖူလ်ဟမ်အသင်းခေါင်းဆောင် ရင်းမ်က ဂိုးစည်းပေါ်က ရှင်းထုတ်သွားနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရပြီး ပေါ့တာအနေနဲ့ နောက်ဆုံး လက်နက်အဖြစ် ကူကူရဲယားအစား ချေးလ်ဝဲလ်ကို အပြောင်းအလဲလုပ်သွားခဲ့တာပါ။
![]()
![]()
လက်ကျန်ပွဲချိန်တွေမှာတော့ ဖူလ်ဟမ်တို့က ခံစစ်မှာပဲ ပိတ်ဆို့သွားခဲ့သလို ချဲလ်ဆီးတို့ကတော့ နာကျင်အချိန်ပို ၆ မိနစ်ရတာတောင် ဂိုးသွင်းဖို့ မလုံလောက်ခဲ့လို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘုတ်အဖွဲ့ဝင်၊ ဒါရိုက်တာတွေနဲ့ ပိုင်ရှင်တွေ လူစုံတက်စုံ အားပေးခဲ့တဲ့ပွဲမှာ စတာလင်ရဲ့ အမြော်အမြင်ရှိတဲ့ အပေါ်ထောင့်ကန်ချက်ကိုလည်း လီနို ကာကွယ်သွားနိုင်ခဲ့အပြီးမှာ ဘဲဥမကွဲဘဲ သရေကျခဲ့ရတာဖြစ်ပါတယ်။
![]()
![]()
ဒီပွဲရလဒ်ကြောင့် ဧည့်သည် ဖူလ်ဟမ်တို့အနေနဲ့ အဝေးကွင်းမှာ အမှတ်ခွဲယူနိုင်ခဲ့ပြီး အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် နောက်က ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ကျော်တက်နိုင်မှုကိုတော့ စိုးရိမ်နေခဲ့ရချိန်မှာ ချဲလ်ဆီးတို့ကတော့ အိမ်ကွင်းမှာ တစ်မှတ်ကြီးများတောင် ရရှိမှုကြောင့် လီဗာပူးလ်ကို ကျော်တက်ပြီး အဆင့် ၉ နေရာကို ထိုက်ထိုက်တန်တန် ဆုပ်ကိုင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
![]()
![]()
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment