စတမ်းဖို့ဒ်ဘရစ်ချ်ကို ခြောက်လှန့်တဲ့ ဝီလီယန်နဲ့ ချဲလ်ဆီး 0-0 ဖူလ်ဟမ်ပွဲက ပြောစရာများ

လူသစ်တွေနဲ့ တိုင်ပတ်တဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ လူသစ် အန်ဇို ဖာနန်ဒက်ဇ်ကို ကွင်းလယ်ဗဟိုမှာ ကစားစေခဲ့သလို ဘယ်တောင်ပံမှာတော့ မူဒရစ်ခ်က ပွဲထွက်လာခဲ့ပြီး ပရိသတ်တွေကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲကို မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ကွင်းလယ်က ဖာနန်ဒက်ဇ်အနေနဲ့ ဘောလုံးနိုင်နိုင်နဲ့ ထိုင်ဖြန့်နိုင်ခဲ့ပြီး ကျေနပ်စရာဖြစ်ခဲ့ပေမယ့် မူဒရစ်ခ်ကတော့ ဖူလ်ဟမ်နောက်ခံလူ တီတီရဲ့ အိတ်ကပ်ထဲက မထွက်နိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာပဲ မာဒူးကီနဲ့ လူစားလဲပစ်ခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ မာဒူကီ ဘာမှ မလုပ်နိုင်ပေမယ့် လူစားဝင်လာတဲ့ ဒေးဗစ် ဖိုဖာနာကတော့ ရုန်းအားကောင်းခဲ့လို့ ဖူလ်ဟမ်တို့ သည်းထိတ်ရင်ဖိုဖြစ်ခဲ့ရပေမယ့် ချဲလ်ဆီးတို့ အနိုင်နဲ့တော့ မထိုက်တန်ခဲ့ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။

ဖူလ်ဟမ်မနိုင် ပေါ့တာနဲ့ ပလန်ဘီမရှိတဲ့ ရုပ်ပေါက်မှု
နည်းပြ ဂရေဟမ် ပေါ့တာကတော့ အင်္ဂလိပ်တွေ ကိုင်ခိုင်းလို့ ဘာဖြစ်မလဲဆိုပြီး ပရီးမီးယားလိဂ်ကို နာမည်ဖျက်နေသလိုဖြစ်နေခဲ့တာပါ။ သူ့ရဲ့ မှတ်တမ်းမှာ ဖူလ်ဟမ်နဲ့ နောက်ဆုံးကစားထားသမျှ ပရီးမီးယားလိဂ် ၅ ပွဲစလုံးကို အနိုင်တစ်ပွဲမှ ၃ ပွဲသရေ၊ ၂ ပွဲရှုံးခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း လူကောင်း တစ်အုပ်တစ်မကြီးနဲ့ ဂိုးပေါက် ၂ ကြိမ်သာတည့်ပြီး သရေကျခဲ့ရတာဖြစ်ပါတယ်။ ဖူလ်ဟမ်တို့ကတောင် ဒီပွဲမှာ ဂိုးပေါက် ၄ ကြိမ်တည့်ခဲ့လို့ အိမ်ရှင်တွေထက် ပိုများခဲ့ချိန်မှာ ပေါ့တာကတော့ ကိုယ့်ဘာသာကိုယ် ၄-၃-၃ နဲ့ ၃-၄-၃ မကွဲဘဲ နည်းပြနေခဲ့တာကြောင့် အဆုံးသတ်မှာ ပုံးငတ်ခဲ့တာလို့ပဲ လှောင်ပြောင်စရာ ဖြစ်လာခဲ့တာပါ။

အသင်းဟောင်းကို ခြောက်လှန့်ခဲ့တဲ့ ဝီလီယန်
စတမ်းဖို့ဒ်ဘရစ်ချ်ကို သူပြန်လာတော့မယ်လို့ ဆိုထားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဝီလီယန်အနေနဲ့ သူ့ရဲ့ အပြာရောင် နေ့ရက်တွေလောက် မကောင်းတော့ပေမယ့် ပိုမိုများပြားလာတဲ့ အတွေ့အကြုံနဲ့ တိုက်စစ်မှာရော ခံစစ်မှာပါ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ တွဲဖက်တိုက်စစ်သမားတွေ ညံ့ခဲ့လို့ ဂိုးမရခဲ့ချိန်မှာ ချဲလ်ဆီးဘက်က ဖိအားပေးသမျှကိုတော့ ခံစစ်ဇုန်နဲ့ ထောင့်ကန်အလံတိုင်နားအထိ လိုက်ပါပိတ်ဆို့သွားခဲ့ပြီး အသင်းဟောင်းဘက်ကို အသန့်ရှင်းဆုံး ယှဉ်ပြိုင်သွားနိုင်ခဲ့တာကြောင့် ပရိသတ်တွေ ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရတာပါ။

တီတီ့အိတ်ကပ်ထဲက မူဒရစ်ခ်နဲ့ တောင်ပံသမားတွေ
ဖူလ်ဟမ်ရဲ့ ညာနောက်ခံလူ ကင်နီ တီတီကတော့ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားလို့လည်း ဆိုရမှာဖြစ်ပြီး ပထမပိုင်းတစ်ပိုင်းလုံးမှာ ယူရို သန်း ၁၀၀ တန် ကစားသမား မူဒရစ်ခ်ကို လှုပ်မရအောင် အိတ်ထဲ ကောက်ထည့်ထားခဲ့လို့ ယူကရိန်းသားအနေနဲ့ ဒုတိယပိုင်းမှာ ပြန်ကစားခွင့်တောင် မရခဲ့တော့တာပါ။ ဒတ်ချ်နောက်ခံလူအနေနဲ့ ဒုတိယပိုင်းမှာလည်း မူဒရစ်ခ်အစား ဝင်လာတဲ့ မာဒူးကီကို ထိန်းချုပ်ခဲ့ရပြီး စတာလင် ဝင်လာချိန်မှာလည်း သူ့ဘက်က ကစားလာခဲ့တာကို အကောင်းဆုံး ကြိုးစားပိတ်ဆို့သွားခဲ့လို့ ပထမအကျော့တုန်းက ဂျာအို ဖဲလစ္စ အနီထိအောင် တတ်နိုင်ခဲ့တဲ့သူ့ကို ချဲလ်ဆီးပရိသတ်တွေ စိတ်နာလို့ မဆုံးအောင်ဖြစ်နေပြီလားလို့ မေးရတော့မှာဖြစ်ပါတယ်။

စောင်တလွဲ ဟာဗတ်ဇ်ရဲ့ ဂိုးသွင်းစကေးလ်
သူ့ကိုယ်သူလည်း တိုက်စစ်မှူးလို့ ဘယ်တုန်းကမှ မဆိုဖူးခဲ့တဲ့ ကွင်းလယ်တိုက်စစ်သမားကို ပြောရတာ နည်းနည်းတော့ အားနာရမှာဖြစ်ပါတယ်။ တိုက်စစ်မှာ နေရာစုံ ကစားနိုင်တယ်ဆိုတာက သူ့အတွက် အပြောအဆိုခံရဖို့ ဖြစ်လာခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ နံပါတ် ၉ နေရာကို တာဝန်ယူခဲ့ရချိန်မှာ Natural Striker တစ်ဦးမဟုတ်တဲ့ အဖြစ်က အဆုံးသတ်ပိုင်းတွေမှာ သိသာနေခဲ့တာပါ။ ဒီနေ့ပွဲမှာ အပိုင်ရနိုင်တဲ့ သွင်းဂိုးနှစ်ဂိုးလောက်ကို ဖြုန်းတီးပစ်ခဲ့ပြီး ချဲလ်ဆီးတို့ကို နိုင်ပွဲပျောက်စေခဲ့သလို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်မှဖြစ်မယ့် အသင်းအတွက်တော့ စိတ်ပျက်စရာပဲဖြစ်ခဲ့ရပါတယ်။

အိုင်ဗရီကို့စ်ရဲ့ မျှော်လင့်ချက် ရောင်ခြည်
ချဲလ်ဆီးအသင်းမှာ အိုင်ဗရီကို့စ်သားဆိုတာနဲ့ ဂန္ထဝင် ဒီဒီယေး ဒရော့ဘာကို ပြေးမြင်တတ်ကြသလို ဘာမဟုတ် ညာမဟုတ် ဆော်လမွန် ကာလူးကတောင် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒီနိုင်ငံနဲ့ ကံစပ်တယ်လို့ အမြဲတမ်း ကောက်ချက်ချခဲ့ကြတာပါ။ ဒီနေ့မှာလည်း လူငယ်တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖာနာနဲ့ ပွဲချိန် ၇၅ မိနစ်မှာ လူစားဝင်လာခဲ့မှုက ဖူလ်ဟမ်ခံစစ်ကို ဖရိုဖရဲဖြစ်စေခဲ့ပြီး တကယ်လို့သာ အသင်းမှာ နံပါတ် ၁၀ ဆန်ဆန် ဖန်တီးရှင်မျိုး၊ တောင်ပံကနေ အဆင့်သင့် ချကျွေးနိုင်တဲ့ ကစားသမားမျိုးရှိရင် သူ့ရဲ့ တိုးအားမှာ ဂိုးတွေ ရနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၃-၄-၃ အသားကျ လူစာရင်းကို မပြောင်းနိုင်သေးတဲ့ ချဲလ်ဆီးတို့အနေနဲ့ ဖန်တီးမှုကောင်းကောင်းနဲ့ ကစားနိုင်ဖို့ လိုအပ်နေဆဲဖြစ်ချိန်မှာ အိုင်ဗရီကို့စ်သားက မျှော်လင့်ချက် ရောင်ခြည်ကို ပေးစွမ်းနိုင်ခဲ့တာပါ။

ငွေပုံကြီးပေါ်က အန်ဇိုရဲ့ မလှပတဲ့ ပွဲဦးထွက်
ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အန်ဇို ဖာနန်ဒက်ဇ်အနေနဲ့ အသင်းသစ်နဲ့ ပထမဆုံး ကြုံတဲ့ ပွဲမှာပဲ ကစားခွင့်ရခဲ့ပြီး နိုင်ပွဲရရှိဖို့ မျှော်လင့်ခဲ့ပေမယ့် သူ့ရဲ့ ပွဲဦးထွက်ကတော့ သရေတစ်မှတ်နဲ့ မလှပခဲ့တာပါ။ ကမ္ဘာ့ချန်ပီယံနဲ့ အကောင်းဆုံးလူငယ်ဆုရှင် အာဂျင်တီးနားသားဟာ ဂျော်ဂျင်ညိုထက် ပိုမိုသာလွန်တဲ့ Upgrade ဖြစ်လာခဲ့ပေမယ့် သူ့ကို ကူပြီး ကွင်းလယ်မှာ တွဲဖက်ကစားမယ့် ကစားသမားကောင်း မရှိချိန်မှာ ဂါလာဂါနဲ့ မေဆန်မောင်တို့ကြား ရုန်းကန်ခဲ့ရသလို တောင်ပံတွေကလည်း သူ့ရဲ့ ပေးပို့မှုတွေကို အသုံးမချနိုင်ခဲ့တဲ့နောက် သူ့ရဲ့ ချဲလ်ဆီးကစားသမားဘဝမှာ ပထမဆုံး နိုင်ပွဲရဖို့တော့ စောင့်ဆိုင်းခဲ့ရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post