နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို လူစုံအသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂျိုလင်တန်၊ အယ်လ်မီရွန်နဲ့ ဝီလ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ဆောက်သမ်တန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ လီယန်ကို၊ ဘက်ဒ်နာရက်ခ်၊ ဆာလီဆူး၊ ဘရီးနဲ့ ဝေါ်လ်ကာ-ပီတာစ်တို့ ငါးဦးကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဒီယာလို၊ အယ်လ်ကာရက်ဇ်နဲ့ ဝါ့ဒ်-ပရောက်စ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ရှေအက်ဒမ်စ်နဲ့ အက်ဒမ် အမ်းစ်ထရောင်းတို့ကို တင်ကစားခဲ့တာပါ။
ပထမအကျော့မှာ အဝေးကွင်းနိုင်ပွဲ ရထားတဲ့ အိမ်ရှင် ငှက်ကျားတွေအနေနဲ့ ဒီနေ့ပွဲကို အသာထိန်းကစားဖို့ စီစဉ်လာခဲ့ချိန်မှာ ပြန်နိုင်မှ မျှော်လင့်ချက်ရှိမှာဖြစ်တဲ့ စိန့်တို့ကတော့ ခံစစ်မှာ ဂိုးမပေးရအောင် ငါးယောက်အထိထားခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်ကို ချုပ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် နည်းပြ အရည်အသွေးချင်းမှာတော့ အနည်းငယ် ကွာဟမှုတွေ ရှိနေခဲ့ပါတယ်။
ပွဲချိန် ၅ မိနစ်မှာပဲ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆက်တိုက်ဆိုသလို လူပေးမှားနေခဲ့တဲ့ ဆောက်သမ်တန် ခံစစ်က ဘောလုံးပျက်တာကို ပြန်ရသွားခဲ့တဲ့ ကွင်းလယ်ကနေ ပြန်ဖြန့်ပေးတာကို ညာခြမ်းကနေ ထရစ်ပီယာက ဧရိယာထဲ ချိုးပေးတာကို လောင်းစတပ်ဖ်က အနီးကပ်ကန်သွင်းပြီး ဂိုးသမား ဘာဇူးနူးကို အနိုင်ယူသွားနိုင်ခဲ့တာပါ။
ဆောက်သမ်တန်ရဲ့ ခံစစ်ကစားပုံက လူများပြီး ပွဲမစည်ခဲ့သလို ရပ်ကွက်ဆန်လွန်းနေပြီး ဧရိယာထဲမှာပဲ ပိတ်ဆို့ဖို့ ကြိုးစားနေခဲ့တဲ့ အခါမှာ Half Space တွေနဲ့ ဧရိယာထိပ်တွေကနေ နယူးကာဆယ်လ်ရဲ့ လောင်းစတပ်ဖ်နဲ့ ကွင်းလယ်ကစားသမားတွေ မကြာခဏ လွတ်ထွက်နေခဲ့တာကြောင့် အိမ်ရှင်တွေ တိုက်စစ်ပိုဆင်လာနိုင်ခဲ့ပါတယ်။
ပွဲချိန် ၂၁ မိနစ်မှာ နယူးကာဆယ်လ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက ဘောလုံးဆွဲလာတဲ့ ဝီလော့ခ်က ဧရိယာထဲကို ထိုးပေးရာမှာ အယ်လ်မီရွန်က ချက်ချင်းပဲ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့တာကို ထုံးစံအတိုင်း ဆုတ်ခံပြီး နေရာလွတ်တွေ ပေးနေတဲ့ ဆောက်သမ်တန်ခံစစ်ကြောင့် ပြေးဝင်လာတဲ့ လောင်းစတပ်ဖ်ကပဲ သူ့ရဲ့ ဒုတိယဂိုးအဖြစ် သွင်းယူနိုင်ခဲ့တာပါ။
ပွဲချိန် ၂၉ မိနစ်မှာတော့ ဆောက်သမ်တန်တို့ မထင်မှတ်တဲ့ အနေအထားကနေ ပြန်လည်ချေပသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ် ဝီလော့ခ်နဲ့ ဘရူနို ဂီမာရိုင်းစ်တို့ နားလည်မှုလွဲပြီး လူပေးမှားခဲ့ရာကနေ ဖြတ်ယူသွားနိုင်ခဲ့တဲ့ ရှေအက်ဒမ်စ်က ဝင်ဖျက်မခံရခင် အနိမ့်ဘော အပြင်းကန်သွင်းယူခဲ့ရာမှာ ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ Clean Sheet တွေနဲ့ သာယာနေတဲ့ နစ်ခ် ပုပ်တစ်ယောက် မျက်နှာပျက်ခဲ့ရတာဖြစ်ပါတယ်။
ပထမပိုင်းမှာတော့ ဆက်တိုက်ဆိုသလို ခြေပျက်နေခဲ့တဲ့ အယ်လ်မီရွန် ခြေစွမ်းမပြနိုင်ဘဲ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို End Product တွေမှာလည်း ခြေတစ်လှမ်း နောက်ကျပြီး တစ်ကွက်ကျန်သလိုဖြစ်နေခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ နယူးကာဆယ်လ်တို့ ဦးဆောင်နိုင်ခဲ့သလို နှစ်ကျော့ပေါင်းရလဒ်အရ သုံးဂိုး-တစ်ဂိုးဖြစ်နေတာကြောင့် ထိန်းကစားဖို့ ရွေးချယ်လာခဲ့တာပါ။
ဒုတိယပိုင်းပြန်အစမှာတော့ ဆောက်သမ်တန်တို့ တိုက်စစ်မြှင့်လာခဲ့ကြပြီး ဝေါလ်ကာ-ပီတာစ်၊ လီယန်ကိုနဲ့ အယ်လ်ကာရက်ဇ်တို့အစား ဝင်ကစားခဲ့ကြတဲ့ အီဒိုဇီ၊ ပေရိုနဲ့ လာဗီယာတို့က ပိုမိုထိုးဖောက်နိုင်ခဲ့သလို အိမ်ရှင်တွေဘက်ကတော့ ဝီလ်ဆန်၊ အယ်လ်မီရွန်နဲ့ ဝီလော့ခ်တို့အစား အီဆက်ခ်၊ မာဖီနဲ့ စန်မက်ဇီမန်တို့ကို အပြောင်းအလဲလုပ်လာခဲ့ပါတယ်။
ပွဲချိန် ၈၂ မိနစ်မှာတော့ အီဒိုဇီရဲ့ ခြေကျင်းဝတ်ကို တက်နင်းမိခဲ့တဲ့ ဘရူနို ဂီမာရိုင်းစ် အဝါထိပြီးမှ VAR ပြန်ကြည့်ရာမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဗိုလ်လုပွဲနဲ့ လွဲချော်ဖို့ ဖြစ်လာခဲ့ရပြီး ဆော်ဒီပိုင်ရှင်တွေလက်ထက်မှာ ဆုဖလားတွေ ရယူဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်လ်တို့ အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။
လက်ကျန်ပွဲချိန်တွေမှာတော့ တစ်ယောက်အသာနဲ့ ဆောက်သမ်တန်တို့ ဖိကစားခဲ့ပေမယ့် ဂိုးထပ်ရဖို့တော့ မလုပ်နိုင်ကြတော့တာကြောင့် အိမ်ရှင် နယူးကာဆယ်လ်တို့က နှစ်ကျော့စလုံးမှာ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း သုံးဂိုး-တစ်ဂိုးရလဒ်နဲ့ ကာရာဘောင်းဖလား ဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို နောက်တစ်ဆင့်မှာတော့ တစ်ဖက်က တက်လာဖို့ သေချာသလောက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံဖို့ များနေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment