ကမ္ဘာမှ အလင်းနှစ် ၄၇၇ နှစ်အကွာရှိ ဖြစ်တည်ဆဲ ကြယ်နုတစ်လုံးရဲ့ အသေးစိတ်ကျကျ မြင်ကွင်း

ကမ္ဘာကနေ အလင်းနှစ် ၄၇၇ နှစ်ခန့်အကွာမှာရှိတဲ့ Taurus Molecular Cloud ထဲမှာ ဖြစ်တည်ဆဲ ကြယ်စနစ်တစ်ခုဖြစ်တဲ့ HH 30 ရဲ့ အံ့ဘွယ်ကောင်းလောက်အောင် အသေးစိတ်ကျကျ မြင်ကွင်းတစ်ခုကို NASA ရဲ့ James Webb အာကာသကြည့်မှန်ပြောင်းမှ ရိုက်ကူးနိုင်ခဲ့ပါတယ်။

HH 30 ဟာ ဖြစ်တည်စ ကြယ်နုတစ်လုံးကို ဝန်းရံထားတဲ့ Herbig-Haro အမျိုးအစား အာကာသဝတ္ထုတစ်ခု ဖြစ်ပါတယ်။ ကြယ်နုကနေ ထွက်ပေါ်လာတဲ့ အရှိန်ပြင်း ဓာတ်ငွေ့တွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့ ဒြပ်ထုတွေနဲ့ ရိုက်ခတ်မိရာကနေ တောက်ပတဲ့လှိုင်းတွေ ဖြစ်ပေါ်နေတာပါ။

အဲဒီကြယ်နုဟာ ဓာတ်ငွေ့နဲ့ ဖုန်မှုန့်တွေ ထူထပ် သိပ်သည်းနေတဲ့ ဘေးတစ်စောင်း အဝိုင်းပြားပုံစံ(Edge-on disk) ရဲ့ နောက်ကွယ်မှာ ဖုံးကွယ်နေပြီး Hubble မှတ်တမ်းတွေအရ အဲဒီအဝိုင်းပြားဟာ မိုင်ပေါင်း ဘီလီယံ ၄၀ (ကီလိုမီတာ ၆၄ ဘီလီယံ) ကျော် ကျယ်ဝန်းတယ်လို့ သိရပါတယ်။

James Webb အာကာသကြည့်မှန်ပြောင်းမှ တွေ့ရှိမှုတွေကို Hubble အာကာသကြည့်မှန်ပြောင်း နှင့် Atacama Large Millimeter/submillimeter Array (ALMA) တို့မှ ရရှိတဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ်ပြီး ကြယ်နု ဘေးပတ်လည်မှ တည်ဆောက်ပုံအချို့ကို ဖော်ထုတ်ခဲ့ပါတယ်။

မီလီမီတာအရွယ်အစားရှိ ဖုန်မှုန့်တွေဟာ ဗဟိုချက်ဆီ ရွေ့လျားသွားပြီး ပါးလွှာတဲ့အလွှာတစ်ခုအဖြစ် အနည်ထိုင်သွားကြပါတယ်။ ဘက်တီးရီးယားတစ်ကောင်အရွယ်အစား (ဒါမှမဟုတ်) ၁ မီတာရဲ့ ၁ သန်းပုံ ၁ ပုံလောက်သာရှိတဲ့ ပိုသေးငယ်တဲ့ ဖုန်မှုန့်တွေကတော့ ကျယ်ပြန့်စွာ ပျံ့နှံ့လျက် ရှိပါတယ်။ အဲဒီဖုန်မှုန့်အလွှာ ဖြစ်ပေါ်ခြင်းဟာ ဂြိုဟ်တွေဖြစ်တည်လာခြင်းအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဖုန်မှုန့်တွေ တစ်ခုနဲ့တစ်ခု တိုက်မိ ပေါင်းမိပြီး တဖြည်းဖြည်းကြီးမားလာကာ နောက်ဆုံးမှာ ဂြိုဟ်တွေအဖြစ် ပြောင်းလဲသွားနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

Ref: The James Webb Space Telescope combined forces with Hubble and ALMA to image HH 30, revealing a hidden newborn star

NZ (ရိုးရာလေး)

The post ကမ္ဘာမှ အလင်းနှစ် ၄၇၇ နှစ်အကွာရှိ ဖြစ်တည်ဆဲ ကြယ်နုတစ်လုံးရဲ့ အသေးစိတ်ကျကျ မြင်ကွင်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post