တရုတ်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ဖီးလ်မက်ဒယ်ဆုရှင်ရဲ့ စကားကြောင့် တရုတ်ပညာရေးစနစ်အပေါ် ဆွေးနွေးဝေဖန်မှုတွေ ပြင်းထန်လာ

တရုတ်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ဖီးလ်မက်ဒယ်ဆုရှင် ဟုန်ဝမ်ရဲ့ ထုတ်ဖော်ပြောဆိုမှုက တရုတ်နိုင်ငံရဲ့ ပညာရေးစနစ်အပေါ် ဆွေးနွေးဝေဖန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ သင်္ချာပညာရှင် ဟုန်ဝမ်ဟာ ဇူလိုင်လ ၂၃ ရက်က ကြေညာခဲ့တဲ့ Fields Medal ဆုရှင် လေးဦးထဲမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တရုတ်သင်္ချာပညာရှင် တိန့်ယု (Deng Yu)နဲ့အတူ ပါဝင်လာခဲ့တာပါ။ သင်္ချာနိုဘယ်ဆုလို့ တင်စားတဲ့အထိ ဂုဏ်သိက္ခာကြီးမားလှတဲ့ Fields Medal ဆုကို တရုတ်ပညာရှင်နှစ်ဦး တပြိုင်နက် ဆွတ်ခူးတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

အထက်တန်းကျောင်းသူဘဝမှာ သင်္ချာဘာသာရပ်က သူ့အတွက် “စိတ်အေးချမ်းရာ ကောင်းကင်ဘုံ” ဖြစ်ခဲ့ပေမဲ့ ပီကင်းတက္ကသိုလ်ရောက်ချိန်မှာတော့ သင်္ချာက ရုတ်တရက် ခက်ခဲသွားခဲ့ပြီး စိတ်ဓာတ်ကျခဲ့ရတယ်လို့ ဟုန်ဝမ်က ဆိုပါတယ်။

ဒီပြောကြားချက်ကြောင့် တရုတ်တက္ကသိုလ်တွေဟာ ကျောင်းသားတွေရဲ့ ဖန်တီးနိုင်စွမ်း၊ ယုံကြည်မှုနဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ပျိုးထောင်ပေးနိုင်လောက်တဲ့ ဆောင်ရွက်မှုတွေ ရှိ၊ မရှိ ဆွေးနွေး ငြင်းခုံမှုတွေ ဖြစ်စေခဲ့ပါတယ်။

ဘွဲ့ကြိုကျောင်းသူဘဝက ဟုန်ဝမ်ကို သင်ကြားပေးခဲ့တဲ့ ပီကင်းတက္ကသိုလ် သင်္ချာသိပ္ပံကျောင်းမှ ပါမောက္ခ စုန့်ချွန်းဝေ (Song Chunwei) က ပညာရေးလောကမှ လူငယ်တွေဟာ သူတို့ရဲ့ သုတေသနနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အကဲဖြတ် စစ်ဆေးမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်နေရတဲ့ ဖိအား ရင်ဆိုင်နေရတယ်လို့ တရုတ်နိုင်ငံပိုင် The Beijing News သတင်းစာသို့ ပြောပါတယ်။ အဲဒီလို ဖိအားတွေကြောင့် ရေရှည်ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို စနစ်တကျ လုပ်ဆောင်မယ့်အစား ရေတိုကို ဦးစားပေးလုပ်ဖို့ ဖြစ်စေတယ်လို့လည်း စုန့်ချွန်းဝေက ဆိုပါတယ်။

ဟုန်ဝမ်ဟာ ပီကင်းတက္ကသိုလ်ကနေ သင်္ချာဘွဲ့ရပြီးနောက် École Polytechnique ရဲ့ ဘွဲ့လွန်အစီအစဉ်မှတဆင့် ပြင်သစ်နိုင်ငံထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ ယုံကြည်မှု ပျောက်ဆုံးနေပြီး သင်္ချာနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် သံသယ ရှိနေတာကြောင့် စာသင်နှစ်တစ်ဝက်လုံး သင်္ချာအတန်း လုံးဝမတက်ဘဲ ရှောင်ဖယ်နေခဲ့ပါတယ်။ အဲဒီကာလအတွင်း သူဟာ ပန်းချီဆွဲခြင်းနဲ့ပဲ စိတ်ဖြေဖျောက်ခဲ့ပြီး ပါရီမြို့မှ ဗိသုကာလုပ်ငန်းတစ်ခုမှာ အလုပ်သင်ဘဝနဲ့ တစ်လကြာ အလုပ်လုပ်ခဲ့ပါတယ်။

École Polytechnique တွင် ပညာသင်ကြားနေချိန်အတွင်း ဟုန်ဝမ်ဟာ သင်္ချာပညာရှင် အီဗန်မာတယ်လ် (Yvan Martel)နဲ့အတူ အဆင့်မြင့်သင်ရိုးညွှန်းတမ်း ပရောဂျက်တစ်ခုမှာ ပါဝင်ခဲ့ပြီး မာတယ်လ်ကြောင့် ယုံကြည်မှု ပြန်ရှိလာခဲ့တယ်လို့ သူက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဟုန်ဝမ်ဟာ နယူးယောက်တက္ကသိုလ် (NYU) ရဲ့ Courant Institute မှာ သင်္ချာဘာသာရပ်ဆိုင်ရာ Silver Professor အဖြစ် တာဝန်ထမ်းဆောင်နေသလို ပြင်သစ်နိုင်ငံ Institut des Hautes Études Scientifiques ရဲ့ အမြဲတမ်း ပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။

Ref: China’s 1st female Fields medalist felt ‘discouraged’ at university, sparking education system debate

NZ (ရိုးရာလေး)

The post တရုတ်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ဖီးလ်မက်ဒယ်ဆုရှင်ရဲ့ စကားကြောင့် တရုတ်ပညာရေးစနစ်အပေါ် ဆွေးနွေးဝေဖန်မှုတွေ ပြင်းထန်လာ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post