၇ ရက် သားသမီးများအတွက် ၁၈.၅.၂၀၂၆ မှ ၂၄.၅.၂၀၂၆ အထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

၁၈.၅.၂၀၂၆ မှ ၂၄.၅.၂၀၂၆ အထိ တစ်ပတ်စာကံကြမ္မာဟောကိန်း။

တနင်္ဂနွေသားသမီးများသည် ဒီကာလတွင် အကြီးအကဲများနှင့် အဆင်မပြေ ဖြစ်ရတတ်သည်။

လူကြီးမိဘများနှင့် ဆက်ဆံရေးကတောက်ကဆ ဖြစ်ရတတ်သည်။ အလုပ်ထဲတွင်လည်း ပြဿနာများ ဖြစ်ပွားရတတ်သည်။ ၎င်းပြဿနာများကြောင့် မိမိရသင့်ရထိုက်သော အခွင့်အရေးများ နစ်နာဆုံးရှုံးရတတ်သည်။ ခြေထောက်ပိုင်း ထိခိုက်အနာတရ ဖြစ်ရတတ်သည်။ ခါးနာခြင်း၊ ခါးကြောညှပ်ခြင်း ဖြစ်ပွားရတတ်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဒုက္ခပေးတတ်သည်။ သတိထားပါ။

အခန့်မသင့်ပါက ခွဲစိတ်ကုသရတတ်သည်။ အိမ်တွင်းရေး အဆင်မပြေဖြစ်ရတတ်သည်။ ငွေကုန်ကြေးကျ များပြားရတတ်သည်။ မီးဘေး၊ လျှပ်စစ်ဘေးများ ကြုံတွေ့ရတတ်သည်။ အိုးအိမ်နေရာထိုင်ခင်းများအတွက် စိတ်သောကရောက်ရတတ်သည်။ လက်ရှိအိမ်လက်ရှိအလုပ်မှ တစ်ရပ်တကျေးသို့ စွန့်စားထွက်ခွာရတတ်သည်။ အကြံအစည်ပျက်ပြားခြင်း၊ လုပ်ငန်းဆုံးရှုံးခြင်းများ ပေါ်ပေါက်ရတတ်သည်။ မိတ်ဆွေတစ်ဦး၏ အထင်လွဲခြင်းကိုခံရတတ်သည်။ အိမ်ထောင်ရေးအဆင်မပြေသူတစ််ဦးဦး မိမိအိမ်သို့ လာရောက်တည်းခိုရတတ်သည်။ လက်မခံပါနှင့်။ ၂၂ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာပြန်လည်တိုးတက်လာပါလိမ့်မည်။ အထက်ဂိုဏ်းဝင်တစ်ယောက်ယောက်၏ အကူအညီကို ရရှိရတတ်သည်။ ရပ်ဝေးမှ သတင်းကောင်းများ ကြားသိရလိမ့်မည်။ စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်းကိစ္စများ အဆင်ပြေချောမွေ့လိမ့်မည်။ မင်းအစိုးရ၏ ချီးမြှင့်မြှောက်စားမှုကို ခံရလိမ့်မည်။ ခရီးဝေးတစ်ခုခု သွားရလိမ့်မည်။ ဖြေဆိုထားသောစာမေးပွဲများ အောင်မြင်လိမ့်မည်။ အရင်က အထေ့ထေ့အငေါ့ငေါ့ဖြစ်နေသော လုပ်ငန်းကိစ္စများ ချောမွေ့ပြေလည်သွားလိမ့်မည်။ စိတ်သဘောထားမတိုက်ဆိုင်သူများနှင့် ညှိနှိုင်းပြေလည်ပြီး ပြန်လည်သင့်မြတ်သွားလိမ့်မည်။ ကားသစ်၊ ယာဥ်သစ်များ ဝင်ရောက်လိမ့်မည်။

လူမှုရေးတွင် လူအများ၏ မကောင်းမြင်မှုကိုခံရတတ်သည်။

အချစ်ရေးတွင် အနာဂတ်အိမ်ထောင်ရေးအစီအစဥ်များကြောင့် စကားများပြီး ကွဲကွာခွဲခွာရတတ်သည်။

အိပ်မက်
ကျောက်မျက်ရတနာတွင်းထဲ ကျသွားသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၄-၆-၅

ယတြာ
ဘုရားစေတီများတည်ဆောက်ရာ၌ မိမိတတ်နိုင်သလောက် လှူဒါန်းလိုက်ပါ။

တနင်္လာသားသမီးများသည် ဒီကာလတွင် နိုင်ငံရပ်ခြားမှ အဆက်အသွယ်ကောင်းများနှင့် ဆက်သွယ်ချိတ်ဆက်ရတတ်သည်။ ရပ်ဝေးမြေခြားခရီးများ သွားရလိမ့်မည်။ အလုပ်အကိုင်၊ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေလိမ့်မည်။ ငွေကြေးလာဘ်လာဘများ ရွှင်လန်းလိမ့်မည်။ အကြံဉာဏ်စိတ်ကူးကောင်းများ ပေါ်ထွက်လိမ့်မည်။ ရပ်ဝေးမှ သတင်းကောင်း၊ ဧည့်သည်ကောင်းများ ရောက်ရှိလာတတ်သည်။ မိမိကိုးကွယ်သော နတ်ကောင်းနတ်မြတ်များ၏ ကူညီမစမှုကို ရရှိလိမ့်မည်။ မိမိသိုလှောင်ထားသော ကုန်ပစ္စည်းများကို အမြတ်အစွန်းပေးပြီးဝယ်ယူမည့်သူများ ပေါ်ပေါက်လိမ့်မည်။ မင်းအစိုးရ၏ ဂုဏ်ပြုချီးမြှောက်ခြင်းကို ခံရတတ်သည်။ သိကြားမသကဲ့သို့ စီးပွားဥစ္စာများ ဖြစ်ထွန်းရတတ်သည်။ နေရာအပြောင်းအရွှေ့၊ အလုပ်အပြောင်းအရွှေ့များ ကြုံတွေ့လိမ့်မည်။ လက်ရှိထက် ပိုမိုကောင်းမွန်သော နေရာဌာနများသို့ ပြောင်းရွှေ့ရတတ်သည်။ စိတ်ချမ်းသာမှု၊ အလုပ်အကိုင်တိုးတက်မှုများ တစ်ခုပြီးတစ်ခု ရရှိလိမ့်မည်။ မိမိကြံစည်ကြိုးစားထားမှုများ အောင်မြင်ပြီးပြည့်စုံလိမ့်မည်။ ၂၂ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာနိမ့်ကျရတတ်သည်။ အိမ်သူအိမ်သားတစ်ဦးဦး ရုတ်တရက် နာမကျန်းဖြစ်ရတတ်သည်။ သူတစ်ပါး၏ မဟုတ်မမှန်စွပ်စွဲခံရတတ်သည်။ မဟုတ်မမှန်သတင်းများကို လိမ်ညာဖြန့်ဝေခြင်းအား ခံရတတ်သည်။ ခြေထောက်တစ်ဖက် နာကျင်ရတတ်သည်။ ယာဥ်မတော်တဆမှုအန္တရာယ်များ ဖြစ်ပွားရတတ်သည်။ သတိထားပါ။ အောက်လက်ငယ်သားတို့၏ အချေမငံဆက်ဆံပြောဆိုခြင်းကို ခံရတတ်သည်။ ခရီးသွားသူများ လမ်းခရီး၌ ပြဿနာတက်ခြင်း၊ အန္တရာယ်တစ်စုံတရာ ကြုံတွေ့ခြင်းတို့ ဖြစ်ရတတ်သည်။ မိမိလုပ်ငန်းကိုင်ငန်းများအပေါ် ပြိုင်ဆိုင်တိုက်ခိုက်သူများ ပေါ်ပေါက်လာရတတ်သည်။ သူတစ်ပါးအတွက် သက်သေသက္ကာရ လိုက်ပေးရတတ်ပါသည်။

လူမှုရေးတွင် အပြိုင်အဆိုင်၊ အတိုက်အခိုက်များရှိသော်လည်း မိမိအပေါ် ယုံကြည်အားကိုးမှုများလည်း ရှိနေလိမ့်မည်။

အချစ်ရေးတွင် အပြိုင်အဆိုင်များ ပေါ်ပေါက်ရတတ်သည်။ ချစ်သူကို မိမိဘက်ပါဖို့ အတော်လေးစည်းရုံးရလိမ့်မည်။

အိပ်မက်
လက်ဝှေ့ထိုးပြိုင်ပွဲများကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၁-၃-၇

ယတြာ
ယာဥ်စီးခအခက်အခဲရှိသူများကို ယာဥ်စီးခလှူဒါန်းပေးပါ။

အင်္ဂါသားသမီးများသည် အစပိုင်းကာလများတွင် ကံဇာတာညံ့ရတတ်သည်။ ငွေကြေးကိစ္စများ အဆင်မပြေဖြစ်ရတတ်သည်။ မိမိရစရာရှိသောအကြွေးများ ပြန်မရနိုင်ဖြစ်ရတတ်သည်။ အိမ်ကိစ္စ၊ အမွေကိစ္စများ မအောင်မမြင်ဖြစ်ရတတ်သည်။ အမှုအခင်းများဖြစ်ပွားပြီး တရားတဘောင်ရင်ဆိုင်ရတတ်သည်။ စိတ်ပင်ပန်းမှုများပြားပြီး ဆေးရုံဆေးခန်းသို့ ရောက်ရှိရတတ်သည်။ ၂၁ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာအခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာပါလိမ့်မည်။ မြေကိစ္စ၊ ခြံကိစ္စများ၌ အကျိုးအမြတ်များ ရရှိလိမ့်မည်။ လုပ်ငန်းအကြံအစည်သစ်များ ပေါ်ပေါက်လိမ့်မည်။ ငွေကြေးရှာဖွေရ လွယ်ကူလိမ့်မည်။ စက်ပစ္စည်းများ ဝင်ရောက်လိမ့်မည်။ ပညာရပ်ထူးများ သင်ယူရရှိရတတ်သည်။ မိတ်ဆွေ၊ ဆရာသမားတို့၏ ကူညီမစမှုကို ရရှိလိမ့်မည်။ ဘာသာရေးပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်ရတတ်သည်။ အလှူအတန်းတစ်ခုခု ပြုလုပ်ရလိမ့်မည်။ မိမိအိမ်သို့ ဘာသာရေးနှင့်သက်ဆိုင်သော ပစ္စည်းများ ရောက်ရှိလာတတ်သည်။ ပညာရေးနှင့်ပတ်သက်ပြီး သင်တန်းရေးရာကိစ္စ၊ စာမေးပွဲကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ အလုပ်အင်တာဗျူး ဖြေဆိုထားသူများ အောင်မြင်နိုင်လိမ့်မည်။ ဆုတံဆိပ်၊ ဘွဲ့တံဆိပ်များ လက်ခံရရှိရတတ်သည်။ အဖိုးတန်ကျောက်မျက်ရတနာပစ္စည်းများ ဝင်ရောက်လိမ့်မည်။ လာဘ်လာဘ ရွှင်လန်းလိမ့်မည်။ အလုပ်ထဲ၌ နာမည်ကောင်းရရှိလိမ့်မည်။ အောက်လက်ငယ်သားတို့၏ ချစ်ခင်ရိုင်းပင်းကူညီမှုကို ရရှိရတတ်သည်။ မိမိအတွက် အကျိုးရှိသောခရီးဝေးများ ထွက်ရတတ်သည်။ ရပ်ဝေးရှိ ဆွေမျိုးမိတ်ဆွေများနှင့် ပြန်လည်ဆုံဆည်းရတတ်သည်။ သူငယ်ချင်းအပေါင်းအသင်းဟောင်းများနှင့် အမှတ်မထင်ပြန်လည်တွေ့ဆုံရတတ်သည်။ လုပ်ငန်းသစ်များလည်း ပေါ်ပေါက်ရတတ်ပါသည်။

လူမှုရေးတွင် လူတချို့၏ လိမ်ညာလှည့်စားခြင်းကိုခံရတတ်သည်။

အချစ်ရေးတွင် မဆင်မခြင်ပြောမိသော စကားတစ်ခွန်းကြောင့် ပြတ်စဲရတတ်သည်။

အိပ်မက်
အဘဘိုးမင်းခေါင်ကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၄-၅-၁

ယတြာ
မိမိကိုးကွယ်ရာ ဘာသာရေးပုဂ္ဂိုလ်တစ်ဦးဦးကို သစ်သီးတချို့လှူဒါန်းလိုက်ပါ။

ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများသည် ဒီကာလတွင် ကောင်းသောခရီးဝေးများ သွားရလိမ့်မည်။ မိမိချစ်သူခင်သူများနှင့်ဖြစ်လိမ့်မည်။ ရပ်ဝေးမှ ဝမ်းသာစရာသတင်းကောင်းများ ကြားသိရတတ်သည်။ နိုင်ငံရပ်ခြားခရီးများလည်း အောင်မြင်လိမ့်မည်။ သူတစ်ပါး၏ မင်္ဂလာကိစ္စများအတွက် ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးရတတ်သည်။ မြေကိစ္စ၊ အိမ်ကိစ္စများ အောင်မြင်လိမ့်မည်။ အကျိုးတော်ဆောင်ခအတွက် မျိုးမျိုးမြတ်မြတ်ရရှိလိမ့်မည်။ အလွန်ကောင်းသောစက်ပစ္စည်း ဝင်ရောက်လိမ့်မည်။ မိမိတတ်မြောက်ထားသော အတတ်ပညာဖြင့် လာဘ်လာဘရရှိလိမ့်မည်။ ပညာရပ်ထူးများလည်း သင်ယူရရှိရတတ်သည်။ မိခင်နှင့်ပတ်သက်ဆက်နွယ်သော မိတ်ဆွေတစ်ယောက်ယောက်ဆီမှ အကူအညီကောင်းများ ရရှိလိမ့်မည်။ ငွေအစုလိုက်အပုံလိုက် ဝင်ရောက်ခြင်း၊ ငွေကြေးအထုပ်လိုက်အထည်လိုက် ရရှိခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ ငွေကြေးလာဘ်လာဘများ ရွှင်လန်းလိမ့်မည်။ ငွေကြေးကိစ္စများလည်း အောင်မြင်လိမ့်မည်။ ရစရာရှိသောကြွေးမှီများ ပြန်လည်ရရှိလိမ့်မည်။ စာချုပ်စာတမ်းကိစ္စ၊ စာရင်းဇယားကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ ၂၂ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာနိမ့်ကျရတတ်သည်။ အဆိပ်ရှိသောသတ္တဝါတစ်ကောင်ကောင်၏ ကိုက်ခဲခြင်းကိုခံရတတ်သည်။ အမှုအခင်းများဖြစ်ပွားပါက မိမိဘက်ကသာ အလျော့ပေးလိုက်ပါ။ ငွေရေးကြေးရေးအဆင်မပြေမှုများ ကြုံတွေ့လိမ့်မည်။ အလုပ်ထဲ၌ စိတ်မဝင်စားသကဲ့သို့ဖြစ်ပြီး အလုပ်ထွက်ချင်စိတ်များပင် ပေါ်ပေါက်ရတတ်သည်။ နား၌ ဘေးဥပဒ်တစ်စုံတရာ ဖြစ်ပွားရတတ်သည်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်ရတတ်သည်။ သားသမီးတစ်ဦးဦး၏ ကျန်းမာရေးကိစ္စကြောင့် စိတ်သောကရောက်ရတတ်သည်။ အောက်လက်ငယ်သားများ ဒုက္ခပေးတတ်၏။ ထင်မှတ်မထားသောအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ ထိတ်လန့်စရာကောင်းသော အိပ်မက်ဆိုးများ မြင်မက်ရတတ်ပါသည်။

လူမှုရေးတွင် လူချစ်လူခင်များပြားသော်လည်း မနာလိုသူတို့၏ ဝေဖန်တိုက်ခိုက်ခြင်းကိုခံရတတ်သည်။

အချစ်ရေးတွင် ကြည်နူးသာယာသော ကာလတစ်ခုကို ပိုင်ဆိုင်ရတတ်သည်။

အိပ်မက်
သက်ကြီးရွယ်အိုများကို ကျွေးမွေးပြုစုရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၆-၂-၅

ယတြာ
မိမိချစ်ခင်နှစ်သက်သူတစ်ဦးဦးအား ပန်းသီး ၁ လုံး လက်ဆောင်ပေးလိုက်ပါ။

ကြာသပတေးသားသမီးများသည် ဒီကာလတွင် လက်လွှတ်ဆုံးရှုံးသွားသော အခွင့်အရေးဟောင်းများ ပြန်လည်ရရှိလိမ့်မည်။ ကွဲကွာနေသူ၊ ပျောက်ဆုံးနေသူများနှင့် ပြန်လည်ဆုံတွေ့ရတတ်သည်။ လုပ်ငန်းဟောင်း၊ နေရာဟောင်းများကို ပြန်လည်လုပ်ကိုင်ရတတ်သည်။ အံ့သြစရာကောင်းလောက်အောင် အကူအညီကောင်းပေးမည့်သူများ ပေါ်လာလိမ့်မည်။ ကျန်းမာရေးညံ့နေသူများ ဆရာကောင်းဆေးကောင်းများနှင့် တွေ့ကြုံကုသခွင့် ရရှိလိမ့်မည်။ ရပ်ဝေးသို့ရောက်ရှိနေသော အိမ်သူအိမ်သားတစ်ဦး ပြန်လည်ရောက်ရှိလာတတ်သည်။ မိမိနှင့်စိတ်သဘောချင်းမတိုက်ဆိုင်သော အထက်အရာရှိတစ်ဦးဦး မိမိနှင့်ဝေးရာသို့ ပြောင်းရွှေ့ထမ်းဆောင်ရတတ်သည်။ ဆွေမျိုးသားချင်းတစ်ဦးဦး၏ အကူအညီကို ရရှိလိမ့်မည်။ ရွှေထည်ပစ္စည်းများဝင်လိမ့်မည်။ လက်တွဲဖော်လက်တွဲဖက် မိတ်ကောင်းဆွေကောင်းများနှင့် ပေါင်းသင်းဆက်ဆံရတတ်သည်။ ဘုရားဖူးခရီးများ သွားရတတ်သည်။ ရပ်ဆိုင်းထားသောလုပ်ငန်းများ ပြန်လည်ရှင်သန်လာရတတ်သည်။ နာမည်ဂုဏ်သတင်းများ တိုးတက်အောင်မြင်လိမ့်မည်။ မိမိမျှော်လင့်ထားသော အကြောင်းအရာများ လက်ဝယ်ပိုင်ဆိုင်ရရှိလိမ့်မည်။ ၂၂ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာနိမ့်ကျရတတ်သည်။ တစ်ယောက်ယောက်၏ အကျပ်ကိုင်ဒုက္ခပေးခြင်းကို ခံရတတ်သည်။ မကောင်းသောအတတ်ဖြင့် ပြုစားထားသကဲ့သို့ စိတ်တွင်ခံစားရတတ်သည်။ ရောဂါမရှိသော်လည်း လေးလံထိုင်းမှိုင်းပြီး ကျန်းမာရေးညံ့သကဲ့သို့ ဖြစ်နေရတတ်သည်။ မိမိမလုပ်ချင်သောအလုပ်များကို စိတ်မပါစွာဖြင့် လုပ်ကိုင်ရတတ်သည်။ အမှုအခင်း၊ ရုံးပြင်ကနားတို့နှင့် ပတ်သက်ရတတ်သည်။ ခွေး၊ ကြောင်စသော အိမ်မွေးတိရစ္ဆာန်များကိုအကြောင်းပြုပြီး စိတ်ညစ်ရခြင်း၊ စကားများရခြင်းများ ကြုံတွေ့လိမ့်မည်။ သူတစ်ပါးကိစ္စများ အာမခံမိ၍ စိတ်သောကရောက်ရတတ်သည်။ အစာမှားခြင်း၊ အစာအဆိပ်သင့်ခြင်းများလည်း ကြုံတွေ့ရတတ်ပါသည်။

လူမှုရေးတွင် လူဟောင်းမိတ်ဆွေဟောင်းများနှင့် လူမှုရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရတတ်သည်။

အချစ်ရေးတွင် ချစ်သူဟောင်းရည်းစားဟောင်း၏ ပြန်လည်ဆက်သွယ်ခြင်းကို ခံရတတ်သည်။

အိပ်မက်
ကြည်လင်တောက်ပသောနေမင်းကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၀-၉-၈

ယတြာ
ကလေးငယ်တစ်ယောက်ယောက်ကို စားစရာတစ်ခုခုကျွေးလိုက်ပါ။

သောကြာသားသမီးများသည် ဒီကာလတွင် လုပ်ငန်းများ၊ ရည်ရွယ်ချက်များ ရှေ့မဆက်နိုင်ဖြစ်ရတတ်သည်။ ရှေ့တိုးရခက်နောက်ဆုတ်ရခက် အခြေအနေများ ကြုံတွေ့လိမ့်မည်။ ခြေထောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိရတတ်သည်။ မိမိလုပ်ဆောင်သမျှကိစ္စများ တိုးလိုးတန်းလန်းဖြစ်ရတတ်သည်။ နေအိမ်အနီး၌ နာရေးကိစ္စများ ပေါ်ပေါက်ပါက သွားရောက်ခြင်းမပြုပါနှင့်။ အငြိမ်နေရသည်မရှိဘဲ အမြဲတမ်းလှုပ်ရှားနေရတတ်သည်။ ကျန်းမာရေးမှာလည်း အနာနှင့်ဆေးမတိုးဘဲ တစ်ခုပြီးတစ်ခု ညံ့နေရတတ်သည်။ မြေကိစ္စနှင့်ပတ်သက်ပြီး စကားအကြီးအကျယ်ပြောဆိုရတတ်သည်။ ၂၁ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာအခွင့်အလမ်းကောင်းများ ပြန်လည်တိုးတက်လာပါလိမ့်မည်။ ဗုဒ္ဓဟူးနံကိုအကြောင်းပြုပြီး ငွေကြေးလာဘ်လာဘများ တရစပ်ဝင်ရောက်လိမ့်မည်။ ကိစ္စတိုင်းတွင် ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်ရလိမ့်မည်။ တရားရုံး၊ အမှုအခင်းတို့နှင့်ပတ်သက်ရသော်လည်း မိမိကသာ အနိုင်ရရှိရတတ်သည်။ အလုပ်နှစ်မျိုး တာဝန်နှစ်မျိုးကို ပူးတွဲထမ်းဆောင်ရတတ်သည်။ လုပ်ငန်းကြီးများကို တာဝန်ယူလုပ်ကိုင်ရတတ်သည်။ လူအများ၏ ချီးမွမ်းဂုဏ်ပြုခြင်းကို ခံရတတ်သည်။ ငွေကြေးအထုပ်လိုက်အထည်လိုက် ဝင်ရောက်လိမ့်မည်။ ရပ်ဝေးခရီးများ သွားရတတ်သည်။ နေရာအပြောင်းအရွှေ့၊ အလုပ်အပြောင်းအရွှေ့များ ဖြစ်ပေါ်လိမ့်မည်။ မင်းအစိုးရ၏ ချီးမြှင့်မြှောက်စားခြင်းကို ခံရတတ်သည်။ အလှူအတန်းတစ်ခုခု ပြုလုပ်ရတတ်သည်။ မိမိကိုးကွယ်သော သိုက်ဆက်၊ ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်များ၏ ကူညီမစမှုကို ခံရတတ်သည်။ သင်တန်းရေးရာကိစ္စ၊ ကျောင်းကိစ္စ၊ စာမေးပွဲကိစ္စများ အောင်မြင်လိမ့်မည်။ အလုပ်အင်တာဗျူးများလည်း အဆင်ပြေလိမ့်မည်။ အိုးသစ်အိမ်သစ် စတင်ဆောက်လုပ်ရတတ်သည်။ ရာထူးတိုးအပြောင်းအလဲများ ဖြစ်ပေါ်ရတတ်ပါသည်။

လူမှုရေးတွင် မိမိဘက်က မှန်မှန်ကန်ကန်နေသော်လည်း မိမိအပေါ် စောင်းမြောင်းပြောဆိုသူတချို့ ရှိနေတတ်သည်။

အချစ်ရေးတွင် ချစ်သူမှာ မိမိအပေါ်မကောင်းသော်လည်း အောင့်အီးသည်းခံကာ ဆက်လက်လက်တွဲနေရတတ်သည်။

အိပ်မက်
သူတော်ကောင်းများနှင့် တရားစကားများ ဆွေးနွေးပြောဆိုရသည်ဟု အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၂-၁-၀

ယတြာ
ကလေးသူငယ်များကို စာရေးကိရိယာ သင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးပါ။

စနေသားသမီးများသည် ဒီကာလတွင် ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကိုခံရတတ်သည်။ ငွေကြေးလာဘ်လာဘ ပွင့်လန်းခြင်း၊ ငွေကြေးအထုပ်လိုက်အထည်လိုက် ရရှိခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ ဝန်ထမ်းများဖြစ်ပါက အခွင့်အရေးကောင်းများ ကြုံတွေ့ခြင်း၊ အကြီးအကဲတို့၏ မျက်နှာသာပေးခြင်းတို့ကို ရရှိရတတ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ လုပ်ငန်းတိုးချဲ့ဖို့ ဆွေးနွေးပြောဆိုခြင်းများ ခံရတတ်သည်။ နာမည်ဂုဏ်သတင်းလည်း ကျော်စောလိမ့်မည်။ မိတ်ဆွေကောင်းနှစ်ဦးနှင့် တပြိုင်နက်တည်း ပေါင်းသင်းဆက်ဆံရတတ်သည်။ ၂၁ ရက်နေ့နှင့်နောက်ပိုင်းတွင်တော့ ကံဇာတာနိမ့်ကျရတတ်သည်။ ရေတွင်းရေကန်ကိစ္စများကြောင့် စိတ်ညစ်စိတ်သောက ရောက်ရတတ်သည်။ မိမိအိမ်၌ လျှပ်စစ်ဝါယာရှော့များဖြစ်ခြင်း၊ မီးလန့်ခြင်းတို့ ကြုံတွေ့ရတတ်သည်။ အကြွေးကိစ္စများအတွက် စကားအချေအတင်ပြောဆိုရတတ်သည်။ လူပွေလူရှုပ်များ မိမိအိမ်သို့ရောက်ရှိလာပါက လက်မခံပါနှင့်။ မနာလိုသူ၊ ရန်လိုသူများ၏ စွပ်စွဲနာမည်ဖျက်ခြင်း၊ အကြောင်းမဲ့ရန်လုပ်ပုတ်ခတ်ခြင်းများ ကြုံရတတ်သည်။ မိမိဘာပဲလုပ်လုပ် အကောင်းမြင်မခံရသော ကာလဖြစ်သည်။ ခွေး၊ ကြောင်စသော တိရစ္ဆာန်များ၏ အန္တရာယ်ပြုခြင်းကိုခံရတတ်သည်။ သားသမီးတစ်ဦးဦးအတွက် စိတ်ညစ်ရတတ်သည်။ ခုတစ်မျိုးတော်ကြာတစ်မျိုး စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ယောင်ချာချာဖြစ်နေရတတ်သည်။ မိမိ၏ မစဥ်းစားမဆင်ခြင်ဘဲ တဇွတ်ထိုးလုပ်ဆောင်မှုများကြောင့် မလိုလားအပ်သော အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ လုပ်သမျှကြံသမျှ တွေးခေါ်ဆုံးဖြတ်သမျှမှာလည်း အလွဲလွဲအချော်ချော် ဖြစ်နေရတတ်သည်။ လုပ်ငန်းကိုင်ငန်းများ ရှေ့မတိုးနိုင်ဘဲ နှောင့်နှေးကြန့်ကြာနေရတတ်သည်။ နားနှင့်ပတ်သက်ပြီး ဘေးဥပဒ်တစ်စုံတရာ ဖြစ်ပွားရတတ်ပါသည်။

လူမှုရေးတွင် မိမိအပေါ် လိုတစ်မျိုးမလိုတစ်မျိုး ဆက်ဆံခြင်းကိုခံရတတ်သည်။

အချစ်ရေးတွင် ချစ်သူ၏ စိတ်အလိုမကျခြင်းကို သည်းခံနေရတတ်သည်။

အိပ်မက်
ကြာမျိုးငါးပါးနှင့် ပြည့်စုံသောရေကန်ကို အိပ်မက်ပါကကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
၇-၈-၀

ယတြာ
လမ်းသွားလမ်းလာများကို သောက်ရေအလှူဒါနပြုလုပ်ပေးပါ။

ဉာဏ်ပူဇော်ခ 10000 ကျပ်။
(ဆရာရဲလင်းမောင် – အင်္ဂဝိဇ္ဇာ)

The post ၇ ရက် သားသမီးများအတွက် ၁၈.၅.၂၀၂၆ မှ ၂၄.၅.၂၀၂၆ အထိ တစ်ပတ်စာကံကြမ္မာဟောကိန်း appeared first on .



Your new digest 49

Post a Comment

Previous Post Next Post