ဖလော်ရီဒါပြည်နယ်က အသက် ၆၂ နှစ်အရွယ် စားပွဲထိုးအန်တီကြီး ဂလိုရီယာ ဗာဂတ်စ်က သူ့ခင်ပွန်း၊ သား ၂ ယောက်တို့နဲ့အတူ အိမ်ရာမဲ့တွေကို အစားအစာကျွေးမွေးလာခဲ့တာ လူ ၂၇၀၀၀၀ ဦးစာ ရှိပါပြီ။ ဘာဘေးဒိုးစ်ကနေ ရွှေ့ပြောင်းနေထိုင်သူလည်းဖြစ်တဲ့ ဂလိုရီယာဟာ ၂၀၁၂ ခုနှစ်ကတည်းက အိမ်ရာမဲ့တွေကို ကျွေးမွေးလာခဲ့တာပါ။
သူက စပါကတီတွေ၊ အမဲသားတွေကို ဝယ်ယူပြီးတော့ ၄၀ စာ စပြီးကျွေးခဲ့တာပါ။ ဒီလိုနဲ့ အစားအစာတွေကို ၆၀ စာ၊ ၈၀စာ တိုးလာခဲ့ပါတယ်။ နောက်တော့ အပတ်တိုင်း အစားအစာ ၂၀၀ စာရှိလာခဲ့ပါတယ်။
သူ့ရဲ့စားပွဲထိုးလစာရယ်၊ သူ့ရဲ့စုဆောင်းငွေတွေအားလုံးကို သုံးပြီးတော့ ပမာဏအများကြီးကျွေးမွေးလာခဲ့ပါတယ်။ သူ့ရဲ့သားတွေက ထမင်းတစ်နပ်စာရဲ့အဖုံးတွေပေါ်မှာ “ဘုရားသခင်က သင့်ကိုချစ်ပါတယ်” (ဒါမှမဟုတ်) စိတ်ခွန်အားဖြစ်စေတဲ့ စာတွေရေးပေးပါတယ်။
ကိုဗစ်ကာလတွေမှာလည်း ဂလိုရီးယားက အစားအစာ ၆၀၀စာအထိ ကျွေးမွေးခဲ့ပါတယ်။ မိုးရွာရွာ၊ နေပူပူ၊ လေတိုက်တိုက်၊ ကျွေးမွေးတာကို ရပ်မထားဘဲ ဆက်လုပ်ပါတယ်။ သူက the Byers Foundation ရဲ့ ရန်ပုံငွေနဲ့ အကျိုးအမြတ်မယူတဲ့ Care in Action USA အဖွဲ့အစည်းကို တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီကနေ ရန်ပုံငွေရှာပြီး နေ့စဉ် မနက်စာ လူ ၁၂၀ စာ၊ ညစာ လူ ၁၂၅ စာ ပြင်ဆင်ပါတယ်။ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးကို မိနစ် ၄၀ အတွင်း ဝေပေးပါတယ်။
Care in Action USA က အစားအစာတွေ ကျွေးမွေးတာအပြင် အိမ်ငှားခ၊ ဟိုတယ်ခ၊ ကားခ၊ အဝတ်အထည်တွေ လိုအပ်တဲ့သူတွေကိုလည်း ကူညီပေးပါတယ်။ ဂလိုရီးယားရဲ့ခင်ပွန်းဖြစ်သူက အသိအမှတ်ပြုစက်ပြင်ဆရာဖြစ်ပြီး ကားတွေကို အခမဲ့ပြင်ပေးတဲ့အပြင် အလုပ်အင်တာဗျူးသွားမယ့် အိမ်ရာမဲ့တွေကိုလည်း ကားနဲ့လိုက်ပို့ပေးပါတယ်။
လက်ရှိအချိန်အထိ ဂလိုရီးယားတို့မိသားစုက အလှူငွေတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့အတူ အိမ်ရာမဲ့တွေကို ကူညီပေးလို့နေပါတယ်။
Ref: Waitress Has Fed 270,000 Meals to Homeless Floridians Thanks to a Family That Gives Their All
WL (ရိုးရာလေး)
The post အိမ်ရာမဲ့တွေကို ကျွေးမွေးလာခဲ့တာ လူ ၂၇၀၀၀၀ ဦးရှိပြီဖြစ်တဲ့ စေတနာရှင်စားပွဲထိုးအန်တီကြီး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment