တရုတ်အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၁၇ နှစ်၊ သူ့အသက် ၁၁ နှစ်အရွယ်မှာ သူ့ကို ငလျင်လှုပ်ခတ်မှုရဲ့အပျက်အစီးတွေကနေ ကယ်တင်ပေးခဲ့တဲ့ ကယ်ဆယ်ရေးသမားနဲ့ ပြန်လည်ဆုံစည်းကာ လက်ထပ်လိုက်ပါပြီ။ သူတို့ရဲ့ဇာတ်လမ်းလေးကို သူတို့လက်ထပ်တဲ့အချိန် နိုဝင်ဘာ ၂၉ ရက်နေ့မှာ လူအများက သိခဲ့ရတာပါ။
သူတို့စုံတွဲဟာ 5th Annual Han-style Collective Wedding Ceremonyမှာ လက်ထပ်ခဲ့ကြတဲ့ စုံတွဲ ၃၇ ဦးမှာ ပါဝင်ခဲ့တာပါ။ လျန်ဇီဘင်က သတို့သမီး လျူရှီမေးထက် အသက် ၁၂ နှစ်ကြီးပြီး သူတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က စတင်ဆုံစည်းခဲ့တယ်ဆိုတာကို ထုတ်ပြောပြခဲ့ပါတယ်။
၂၀၀၈ ခုနှစ်က ဝမ်ချွမ်ငလျင်လှုပ်ခတ်မှုအတွင်း အသက် ၂၂ နှစ်အရွယ် လျန်ဇီဘင်က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ စေလွှတ်ခံရတဲ့ စစ်သားတစ်ဦးပါ။ သူဟာ ပြိုကျနေတဲ့တိုက်ရဲ့ဒုတိယအထပ်မှာ ပိတ်မိနေတဲ့ အသက် ၁၁ နှစ်အရွယ် လျိုရှီမေးကို ကယ်တင်ခဲ့ပါတယ်။ လျန်နဲ့ သူ့အဖွဲ့က လျိုကို ဘေးကင်းရာကို ဆွဲထုတ်နိုင်ဖို့အတွက် ၄ နာရီကြာအချိန်ယူခဲ့ရပါတယ်။ အဲ့ဒီနောက် ဆေးရုံဆီ ပို့ဆောင်ခဲ့ကြပါတယ်။

လျိုက ပြန်လည်သက်သာလာပြီးတဲ့နောက် ဟူနန်ပြည်နယ်၊ ဇူကျိုးမြို့ကို မိသားစုနဲ့အတူ ပြန်သွားခဲ့ပါတယ်။ လျန်နဲ့ လျိုတို့ နှစ်တော်တော်ကြာ အဆက်အသွယ်မရှိခဲ့ကြဘဲ ၂၀၂၀ ခုနှစ်၊ ညနေခင်းတစ်ခုမှာ ပြန်လည်တွေ့ဆုံမိခဲ့ကြပါတယ်။ လျိုက သူ့မိဘတွေနဲ့ ချန်းရှားမြို့က စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေစဉ် သူ့အမေက ငလျင်အတွင်း ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေးသမားနဲ့ တူတယ်လို့ လျိုကို ပြောပြလိုက်တဲ့အချိန်မှာ လျိုက လျန်ကို မှတ်မိသွားခဲ့ပါတယ်။
အဲ့ဒီနောက် သူတို့နှစ်ဦး အဆက်အသွယ်ရခဲ့ပြီး နက်ရှိုင်းစွာ တူညီတဲ့တန်ဖိုးတွေကို မျှဝေရင်းနဲ့ သူတို့ဆက်ဆံရေးက တဖြည်းဖြည်း အချစ်ဇာတ်လမ်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က သူတို့စုံတွဲက တရုတ်ရိုးရာဝတ်စုံနဲ့ မင်္ဂလာပွဲကျင်းပခဲ့ကြပါတော့တယ်။
ကျေးဇူးတရားကြောင့် လျန်ကို ချစ်မိသွားခဲ့တာမဟုတ်ဘူး။ သူတို့အတူတူရှိတဲ့အချိန်အတွင်း သူ့ဘဝမှာ ယုံကြည်လို့ရတဲ့ တစ်စုံတစ်ယောက်ဖြစ်တယ်ဆိုတာ တဖြည်းဖြည်းနားလည်ခဲ့တာဖြစ်တယ်လို့ လျိုက ပြောပါတယ်။ လျန်ကလည်း ကံတရားအလုပ်လုပ်ပုံက အံ့အားသင့်စရာပါပဲ။ လွန်ခဲ့တဲ့ ၁၇ နှစ်က လျိုရဲ့အသက်ကို သူ ကယ်တင်ခဲ့တယ်။ အခုဆို သူက သူ့ဘဝရဲ့အလင်းရောင်ဖြစ်လာခဲ့တယ်လို့ ဆိုထားပါတယ်။
Ref: China woman marries rescuer who plucked her from under quake rubble when she was 11
WL (ရိုးရာလေး)
The post အသက် ၁၁ နှစ်အရွယ်တုန်းက ငလျင်လှုပ်ခတ်မှုရဲ့အပျက်အစီးတွေအောက်က ကယ်တင်ပေးခဲ့တဲ့ ကယ်ဆယ်ရေးသမားနဲ့ လက်ထပ်ဖြစ်ခဲ့သူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment