ထိခိုက် ပွန်းပဲ့မှု တော်တော်များများဟာ သီတင်းပတ် ၂ ပတ်လောက်ဆိုရင် အနာကျက်သွားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒဏ်ရာရပြီးတဲ့နောက် အရောင် ပြောင်းလဲမှုက ပုံမှန်မဟုတ်ဘူးဆိုရင်တော့ ဒဏ်ရာ အခြေအနေ ပြင်းထန်တာကို ဖော်ပြနေတာပါပဲ။
ပုံမှန်အားဖြင့်တော့ ထိခိုက်ဒဏ်ရာတွေဟာ အနီရောင်ကနေ ခရမ်းရောင်၊ အဲဒီကတစ်ဆင့် အဝါရောင် ပြောင်းလဲသွားလေ့ရှိပါတယ်။ ဘာကြောင့် ဒီလို ပြောင်းလဲသွားရသလဲ။ ထိခိုက်ဒဏ်ရာရမှုတွေကြောင့် သွေးကြောမျှင်လေးတွေ ပျက်စီးသွားပြီး အရေပြားအောက်မှာ သွေးတွေ ထွက်လာတာကြောင့် ဒဏ်ရာ ဖြစ်လာတာပါ။
အစပိုင်းမှာတော့ အောက်ဆီဂျင်ပါဝင်မှုများတဲ့ သွေးတွေကြောင့် ဒဏ်ရာက အနီ သို့မဟုတ် နီညို ဖြစ်နေရာကနေ တဖြည်းဖြည်း အောက်ဆီဂျင် လျော့နည်းသွားချိန်မှာ အပြာ၊ ခရမ်း၊ အနက်ရောင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အဲဒီနောက် ရက်ပိုင်းအကြာမှာတော့ ခန္ဓာကိုယ်က သွေးနီဥ(ဟေမိုဂလိုဘင်)ကို ဘီလီဗာဒင်နဲ့ ဘီလီရူဘင် ဒြပ်ပေါင်းတွေအဖြစ် ပြိုကွဲစေတာကြောင့် ဒဏ်ရာက အဝါရောင်ဖျော့ဖျော့၊ အစိမ်းရောင်ဖျော့ဖျော့ ဖြစ်လာတာပါ။ ပုံမှန်အားဖြင့်တော့ ဒဏ်ရာရပြီး ၂ ပတ်အတွင်း အဲဒီလို အရောင်ဖြစ်တတ်ပါတယ်။
ဒီလိုအရောင်ပြောင်းတာကို တသမတ်တည်းတော့ မှတ်လို့ မရပါဘူး။ အသားအရောင်ကိုလိုက်ပြီး အရောင်ပြောင်းလဲမှု အနု၊ အရင့် ကွာခြားပါတယ်။ အသားဖြူရင် အရောင်ပြောင်းလဲမှု ပိုသိသာပြီး အသားညိုရင်တော့ အညိုကွက်ကနေမှ တဖြည်းဖြည်း အရောင် ပြန်ဖျော့သွားမှာပါ။
ပုံမှန်အားဖြင့် သာမန်ထိခိုက်ဒဏ်ရာတွေဟာ ၂ ပတ်အတွင်း ပျောက်ကင်းသက်သာလေ့ရှိပေမဲ့ အရောင်ပြောင်းလဲမှုပုံစံက သွေဖီနေတယ်၊ ထူးခြားနေတယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။ အထူးသဖြင့် သွေးကျဲသူတွေ၊ သွေးခဲတဲ့ အခြေအနေမျိုး ရှိသူတွေက ပိုပြီး သတိပြုသင့်ပါတယ်။
Ref: How Long Until Your Bruise Heals: A Guide
NZ ( ရိုးရာလေး)
The post ထိခိုက်ဒဏ်ရာတွေနဲ့ အရောင်ပြောင်းလဲမှုပုံစံ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment