အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုကဏ္ဍအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ နေ့တစ်ရက်ပါပဲ။ ဆက်ကာရာ ရှေးဟောင်းမြို့မှာ ဖာရိုးဘုရင်တွေကို ကုသပေးခဲ့တဲ့ နတ်ဆေးဆရာရဲ့ အုတ်ဂူကို တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အရောင်အသွေး စုံလင်တဲ့ ဆေးရေးပန်းချီတွေ၊ အရုပ်စာတွေ ပုံဖော်ရေးဆွဲထားတဲ့ ဒီအုတ်ဂူဟာ နှစ်ပေါင်း ၄၁၀၀ သက်တမ်းရှိတယ်လို့ ဆိုပါတယ်။
တီတိုင်နီဘီဖိုလို့ အမည်ရတဲ့ နတ်ဆေးဆရာဟာ ဆားကတ်နတ်ဘုရားမရဲ့ ဆေးဆရာ၊ ဆေးဘက်ဝင်အပင်တွေကို ဦးစီးဆောင်ရွက်နိုင်သူ၊ ပင်တိုင် သွားဆရာဝန် အစရှိတဲ့ ဘွဲ့ထူးတွေ ပိုင်ဆိုင်သူပါ။ ဆားကတ်နတ်ဘုရားမဟာ ကင်းမြီးကောက်အဆိပ်ကို ပပျောက်စေတယ်လို့ ဆိုကြပါတယ်။ ရှေးဟောင်းအီဂျစ်ပြည်မှာ ဆေးဘက်ဝင်အပင်တွေကို ဦးစီးဆောင်ရွက်နိုင်သူဆိုတဲ့ ဘွဲ့ထူးမျိုး ပိုင်ဆိုင်သူ နောက်တစ်ဦးတည်းသာ ရှိတယ်လို့ သိထားကြပါတယ်။ ဒါ့အပြင် သွားဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူကလည်း အလွန်ရှားပါးပါတယ်။
” သူက နန်းတော်ထဲမှာ ပင်တိုင်သမားတော်ဆိုတော့ ဖာရိုးဘုရင်တွေကို ကုသခွင့်ရခဲ့မှာပါ” လို့ တီတိုင်နီဘီဖိုရဲ့ အုတ်ဂူကို တူးဖော်တွေ့ရှိခဲ့တဲ့ ဆွစ်ဇာလန် – ပြင်သစ်အဖွဲ့ ခေါင်းဆောင် ရှေးဟောင်းပညာရှင် ကိုလမ်ဘတ်က ဆိုပါတယ်။
ဒီအုတ်ဂူဟာ ရှေးယခင်က ဖောက်ထွင်းခံထားရပုံပေါ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဆက်ကာရာမြို့ဟာ ရာထူးကြီးတဲ့သူတွေကို မြှုပ်နှံသဂြိုဟ်ရာ နေရာတစ်ခုဖြစ်ပြီး တီတိုင်နီဘီဖိုဟာ ရှေးဟောင်းအီဂျစ်မင်းဆက်ရဲ့ ၆ ဆက်မြောက် ဖာရိုးဘုရင် ပက်ပီ(၂) လက်ထက်မှာ ရှင်သန်နေထိုင်ခဲ့သူဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref:4,100-year-old ‘Stunning’ Tomb of Conjurer-Dentist Who Treated Pharaohs Discovered in Egypt
NZ ( ရိုးရာလေး)
The post ဖာရိုးဘုရင်တွေကို ကုသခွင့်ရခဲ့တဲ့ နတ်ဆေးဆရာရဲ့ အုတ်ဂူကို တူးဖော်တွေ့ရှိ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment