တင်းနစ်ဘောလုံးအရွယ်အစားရှိတဲ့ မေးရိုးမှ အကျိတ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့

မေးရိုးမှာ ဧရာမအကျိတ်ကြီး တည်နေလို့ စကားပြောဖို့၊ အသက်ရှုဖို့ အခက်အခဲကြုံနေတဲ့ အမျိုးသားကို အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ပါပြီ။ ဆီရီယာလီယွန်နိုင်ငံမှာ နေထိုင်တဲ့ အဲလက်စ်ဟာ ငယ်စဉ်ကတည်းက သူ့မေးရိုးမှာ အကျိတ်တည်နေတာကို သတိထားမိခဲ့ပေမဲ့ ကင်ဆာကျိတ်မဟုတ်ဘူးဆိုပြီး ပေါ့ဆထားမိရာကနေ တစ်စထက်တစ်စ ကြီးထွားလာခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ရောက်ချိန်မှာတော့ သူ့အကျိတ်က တင်းနစ်ဘောလုံးတစ်လုံးစာ ကြီးထွားလာပြီး စားသောက်ဖို့၊ စကားပြောဖို့၊ အစားအစာ မျိုချဖို့ အခက်အခဲတွေ့လာခဲ့ပါတယ်။ သူ့အနေနဲ့ အသက်ရှူကြပ်လာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးကြပေမဲ့ ဆီရီယာလီယွန်နိုင်ငံ ဖရီးတောင်းမြို့တစ်ဝိုက်မှာရှိတဲ့ ဆေးရုံတွေက သူ့ကို ခွဲစိတ်ကုသပေးနိုင်စွမ်း မရှိပါဘူး။

သူဟာ ရောဂါပိုးကူးစက်မှု‌တွေ ခံခဲ့ရသလို သွားတွေလည်း ကျိုးခဲ့ပါတယ်။ အဆိုးဆုံးကတော့ လူတွေက သူ့ကို အဆက်ဆံမလုပ်ဘဲ ဝိုင်းကျဉ်ခဲ့ကြတာပါပဲ။ လွန်ခဲ့တဲ့နှစ်နှစ်မှာတော့ ဖရီးတောင်းမြို့ကို Mercy Ships ဆေးသင်္ဘောကြီး ဆိုက်ကပ်လာမယ်ဆိုတဲ့သတင်း ရခဲ့ပြီး သူ့မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာခဲ့တာပါ။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာတော့ Global Mercy ဆေးသင်္ဘောကြီးပေါ်မှာ အဲလက်စ်ကို ပထမဆုံး ခွဲစိတ်မှုလုပ်ပေးခဲ့ပြီး သူ့ရဲ့မေးရိုးကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလမှာတော့ သူ့ခေါင်းက အရိုးကိုသုံးပြီး မေးရိုး ပြန်လည်တည်ဆောက်ပေးတဲ့ ခွဲစိတ်ကုသမှု လုပ်ခဲ့တာပါ။ အဲဒီခွဲစိတ်မှုတွေကြောင့် အဲလက်စ်ဟာ သာမန်လူတစ်ယောက်လို ပြန်လည်နေထိုင်ခွင့်ရခဲ့ပြီး ယုံကြည်မှုလည်း ပြန်ရလာခဲ့ပါတယ်။

အရင်တုန်းက သူ့ပုံစံကိုကြည့်ပြီး ကြောက်ခဲ့တဲ့လူတွေကလည်း အခုဆိုရင် သူ့ကို ရင်းရင်းနှီးနှီး စကားပြောနေကြပါပြီ။

Ref: Man Gets Free Life-Changing Surgery to Remove Baseball-sized Tumor from his Jaw
NZ ( ရိုးရာလေး)

The post တင်းနစ်ဘောလုံးအရွယ်အစားရှိတဲ့ မေးရိုးမှ အကျိတ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post