လမ်းမလျှောက်နိုင်တဲ့ မိခင်ကို ကျောပိုးပြီး တရုတ်နိုင်ငံတစ်ဝန်း လှည့်လည်ပို့ဆောင်ပေးနေတဲ့ တရုတ်အမျိုးသားဟာ လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ ချီးကျူးခံနေရပါတယ်။ ၈ နှစ်သားအရွယ်မှာ ရှောင်မာရဲ့မိဘနှစ်ပါး ကားမတော်တဆမှုဖြစ်ပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။ မိခင်ကတော့ မတော်တဆမှုကြောင့် ဦးနှောက်ကြွက်သားတွေ လျော့ရဲတဲ့ဝေဒနာခံစားခဲ့ရပြီး အိပ်ယာထဲက မထနိုင် ဖြစ်ခဲ့ပါတယ်။
ရှောင်မာတို့ မောင်နှစ်မဟာ ဝါစိုက်ခင်းမှာ အလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်းကာ မိခင်ကို ပြုစုစောင့်ရှောက်ခဲ့ကြပါတယ်။ ရှောင်မာဟာ အလုပ်မျိုးစုံလုပ်ကာ ပိုက်ဆံရှာရင်း နောက်ဆုံးမှာတော့ ရှင်ကျန်းမြို့မှာ ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်နိုင်ခဲ့ပါတယ်။ သူဟာ ရှာဖွေစုဆောင်းသမျှ ငွေကြေးအများစုကို မိခင်ဖြစ်သူ ကျန်းမာရေးအတွက် သုံးစွဲခဲ့ပြီး မိခင်ကလည်း လဲနေရတဲ့ အခြေအနေကနေ ထူထူထောင်ထောင် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းမှာတော့ ရှောင်မာဟာ ဝမ်းနည်းစရာသတင်းတစ်ခု ကြားခဲ့ရပါတယ်။ သူ့မိခင်ရဲ့ဝေဒနာကို လုံးဝပျောက်ကင်းအောင် ကုသနိုင်မှာမဟုတ်သလို ရောဂါတိုးတက်မှုနှုန်းလည်း နှေးလိမ့်မယ်ဆိုတဲ့ သတင်းပါပဲ။ ဒီနောက်မှာတော့ ရှောင်မာက ပိုင်ဆိုင်သမျှ အိမ်နဲ့ ကားကို ရောင်းချခဲ့ပြီး မိခင်ကိုပဲ အချိန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရှောင်မာဟာ သူ့မိခင်ကို တရုတ်နိုင်ငံတစ်ဝန်း ခရီးစဉ်တွေ လိုက်ပို့ခဲ့ပါတယ်။ သူတို့သားအမိဟာ တိန့်အန်ရှန်းတောင်၊ တိန့်အန်ချီရေကန်နဲ့ ရှင်ကျန်းမြို့က တခြားအထင်ကရနေရာတွေကို သွားလည်ခဲ့ပါတယ်။ ဒါ့အပြင် ဘေဂျင်းမြို့က တိန့်အန်းမင်ရင်ပြင်၊ မဟာတံတိုင်းတို့ကိုလည်း သွားလည်ခဲ့ပါသေးတယ်။ ရှောင်မာရဲ့မိခင်က စကားမပြောနိုင်ပေမဲ့ သားဖြစ်သူနဲ့အတူ အလည်အပတ်သွားရတာကို နှစ်သက်တဲ့ပုံစံမျိုးနဲ့ အမြဲပြုံးနေခဲ့တာပါ။
မိခင်ကို ကျောပိုးပြီး တရုတ်နိုင်ငံတစ်ဝန်း လှည့်လည်သွားလာနေတဲ့ ရှောင်မာရဲ့ဓာတ်ပုံက တရုတ်လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့သွားခဲ့ပြီး လူသန်းပေါင်းများစွာက ချီးကျူးခဲ့ကြပါတယ်။ ရှောင်မာဟာ သူတို့သားအမိရဲ့ ခရီးစဉ်တွေကို ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခဲ့ပြီး Douyin ပေါ် တင်ခဲ့ပါတယ်။ အဲဒီကနေ ရရှိတဲ့ငွေကြောင့်လည်း သူ့မိခင်ကို နောက်ထပ်ခရီးစဉ်တွေ ထပ်မံပို့ဆောင်နိုင်ခဲ့တာပါ။
ရှောင်မာကို ဘယ်တော့ အိမ်ပြန်မလဲလို့ မေးချိန်မှာတော့ ” အမေရှိတဲ့နေရာက ကျွန်တော့်အိမ်ပါပဲ” လို့ ဆိုခဲ့ပြီး မိခင်ဖြစ်သူ အသက်ရှင်နေသရွေ့ ခရီးစဉ်တွေ ဆက်သွားနေဦးမယ်လို့ ပြောပါတယ်။
Ref: Chinese Man Carries Paralyzed Mother on His Back as They Travel the Country
NZ ( ရိုးရာလေး)
The post မိခင်ကို ကျောပိုးပြီး တရုတ်နိုင်ငံတစ်ဝန်း လှည့်လည်ပို့ဆောင်ပေးနေသူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment