ဘန်လေကို အိမ်ကွင်းမှာ ခေတ်ဟောင်းစတိုင်နဲ့ အနိုင်ယူတဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဒက်ကလန် ရိုက်စ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘန်လေတို့ကတော့ ဂိုးသမား ထရက်ဖို့ဒ်၊ ခံစစ်မှာ အိုရှေး၊ ဘိုင်ယာ၊ ဗီတင်ညိုနဲ့ တေလာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘရောင်းဟေးလ်၊ ဘာဂါ၊ ဂွတ်ဒ်မွန်ဆန်နဲ့ ကိုလီယိုရှိုးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အမ်ဒူနီနဲ့ ရိုဒရီရက်ဇ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

အာဆင်နယ်တို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ခေတ်ဟောင်းစတိုင်ကြီးနဲ့ဖြစ်နေသလို Through Ball တွေ Penetration Pass တွေကို မမြင်ရဘဲ တောင်ပံတွေကနေပဲ ဖြတ်တင်ဖို့ ကြိုးစားနေခဲ့တာက ဒီနေ့ လူစာရင်းမှာ ပါဝင်လာသူတွေရဲ့ အရည်အချင်းကို မေးခွန်းထုတ်စရာဖြစ်ခဲ့ရသလို ထုံးစံအတိုင်း ချဲလ်ဆီးဂျင်းနှစ်ကောင်ရဲ့ လူရာမဝင်မှုကလည်း ပြဿနာကြီးပဲဖြစ်ခဲ့ပါတယ်။

ဘန်လေကို ခပ်ကြမ်းကြမ်း ကစားနေပေမယ့် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက အာဆင်နယ်ကစားသမားတွေကို အကာအကွယ်ပေးဖို့ တမင်ပဲ ပျက်ကွက်နေခဲ့သလို ဧည့်သည်တွေ ပိတ်ကစားတဲ့ ခံစစ်ကြားကနေ လုပ်ရဲကိုင်ရဲ မရှိတဲ့ ဟာဗတ်ဇ်နဲ့ ကပ္ပတိန်လက်ပတ်ကြီးသာ ပတ်ထားပြီး လူမလေး ခွေးမခန့် (ဒိုင်လူကြီးနဲ့ တစ်ဖက်ကစားသမားတွေ မခန့်တဲ့) ဂျော်ဂျင်ညိုကလည်း အသင်းကို အကျိုးမပြုနိုင်တာကြောင့် ဂိုးမှ ရပါတော့မလား ထင်ခဲ့ရတာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံတိုက်စစ်ကနေ မာတီနယ်လီ ဆွဲယူလာပြီး ဧရိယာထဲကို ဖြတ်တင်ပေးရာမှာ ဟာဗတ်ဇ် အသုံးမကျလို့ အမြင့်ဘောတွေပါ လိုက်လုနေရတဲ့ ဆာကာရဲ့ ခေါင်းတိုက်ချပေးမှုကနေ ထရော့ဆတ်က ပြေးဝင်ပိတ်သွင်းခဲ့ရာမှာ ဘန်လေခံစစ်နဲ့ ဂိုးသမားတို့ အငိုက်မိသွားခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းကို အာဆင်နယ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဘန်လေတို့ တင်ကစားလာခဲ့တာကို တွေ့ခဲ့ရသလို နည်းပြ အာတီတာအနေနဲ့တော့ အသင်းကို အပြောင်းအလဲလုပ်စရာ လူသိပ်မပါတာကြောင့် ပုံမှန်အတိုင်းပဲ ဆက်ကစားနေခဲ့ပြီး ပွဲပန်းနေတဲ့ ဆာကာကလည်း မလန်းဆန်းတော့တာကြောင့် တိုက်စစ်ကို ကူညီနိုင်မှု နည်းလာခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဘန်လေတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ကိုလီယိုရှိုး တိုးဝင်ခဲ့ရာမှာ အပြတ်မရှင်းဘဲ ဘော်ဒီကာနေတဲ့ တိုမီယာစုကြောင့် နောက်ကနေ ဖိတွန်းပြီး ရယူသွားနိုင်ခဲ့သလို ဂိုးရှေ့ကို ချိုးပေးရာမှာ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဘရောင်းဟေးလ်က ကန်သွင်းခဲ့ရာမှာ ရိုဒရီရက်ဇ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ အာဆင်နယ်ခံစစ်က ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ မာတီနယ်လီကြောင့် ရခဲ့တဲ့ ဘယ်ထောင့်ကန်ဘောကို ထရော့ဆတ်က ကန်တင်ပေးရာမှာ ချိန်သားကိုက် ပြေးဝင်နေရာယူနိုင်ခဲ့တဲ့ ဆာလီဘာက ဘန်လေဂိုးသမား ထရက်ဖို့ဒ်ရှေ့ကနေ အပိုင်ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ ပရီးမီးယားလိဂ်မှာ ကြောင်ပျောက်နေပေမယ့် နေရာလွတ်တွေ ရှာပေးနိုင်တဲ့ ဟာဗတ်ဇ်အစား ဖာဘီယို ဗီယာရာကို ထည့်သွင်းခဲ့ရာမှာတော့ တိုက်စစ်က ဂျပုနှစ်ကောင်ဖြစ်သွားတာကြောင့် လောက်လောက်လားလား မလုပ်နိုင်တော့ဘဲဖြစ်ခဲ့ရသလို ထရော့ဆတ်နဲ့ ရိုက်စ်တို့ကတော့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီးသွားခဲ့ကြသေးတာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေပဲ အလုပ်ဖြစ်နေခဲ့မှုကနေ ထရော့ဆတ် ကန်တင်ပေးတာကို ဘန်လေခံစစ်က ရှင်းထုတ်ရာမှာ ဘားထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဧရိယာထဲ ပြေးဝင်လာတဲ့ ဇင်ချန်ကိုက ခုန်ပြီး မြောက်နေတဲ့ အနေအထားကနေ ကန်သွင်းယူခဲ့တာကြောင့် လှလှပပပဲ ဂိုးဖြစ်သွားခဲ့တာပါ။

အာဆင်နယ်တို့ဘက်က ဆာကာနဲ့ ထရော့ဆတ်တို့အစား နကီးတီးယားနဲ့ နယ်လ်ဆန်တို့ကို ထည့်သွင်းလာခဲ့သလို ဘန်လေတို့ဘက်ကတော့ အမ်ဒူနီနဲ့ ကိုလီယိုရှိုးတို့အစား ရမ်ဆေးနဲ့ လာဆန်တို့ကို ပြောင်းလဲသွားခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ အထူအပါး နားမလည်တဲ့ ဖာဘီယို ဗီယာရာရဲ့ ခြေထောက်မြှောက်ဝင်မှုက ဘရောင်းဟေးလ်ရဲ့ ဒူးကို ကန်မိတာကြောင့် တိုက်ရိုကအနီနဲ့ အထုတ်ပယ်ခံခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆယ်ယောက်ကျန် အာဆင်နယ်တို့ မာတီနယ်လီအစား ကီဗီယာကို ထည့်သွင်းပြီး ပိတ်ကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ ဘန်လေတို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို ရေနစ်တဲ့ စပါးစ်တို့ကို ကျော်တက်ပြီး ရောက်ရှိလာနိုင်ခဲ့ကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ဘန်လေကို အိမ်ကွင်းမှာ ခေတ်ဟောင်းစတိုင်နဲ့ အနိုင်ယူတဲ့ အာဆင်နယ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post