ဘန်လေကို ဂိုးဒါဇင်ဝက်သွင်းပြီး FA ဖလားယူမယ်လို့ ကြေငြာလိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ လာပေါ့တ်နဲ့ ဝေါ်လ်ကာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဖိုဒန်၊ အယ်လ်ဗာရက်ဇ်နဲ့ မာရက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကို တင်ထားပြီး အသင်းငယ်တွေနဲ့ ရင်ဆိုင်တိုင်း ဂွါဒီယိုလာ ရွေးချယ်လေ့ရှိတဲ့ ၃-၆-၁ ပုံစံကို အသုံးပြုသွားခဲ့ပါတယ်။

လိဂ်ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ ကွန်ပနီရဲ့ ဘန်လေအသင်းကတော့ ဂိုးသမား ပီးကော့-ဖာရဲလ်၊ ခံစစ်မှာ အယ်လ်ဒါခီလ်၊ ဘိုင်ယာ၊ ရောဘတ်စ်နဲ့ မာ့တ်ဆန်တို့ကို နေရာချထားခဲ့သလို ကွင်းလယ်မှာတော့ ကူလင်၊ ဂွတ်ဒ်မွန်ဆန်၊ တယ်လာ၊ ဇာရူရီနဲ့ ဗီတင်ညိုတို့ကို ခင်းကျင်းလာခဲ့ပြီး ရှေ့မှာတော့ ဒီရာသီမှာ တစ်ခါမှ ပွဲမထွက်ဖူးသေးတဲ့ အရန်တိုက်စစ်မှူး ဖော့စတာကို အထောင်ထားလာခဲ့တာပါ။

မန်စီးတီးအသင်းကို ရှစ်နှစ်ကြာ ခေါင်းဆောင်ခဲ့ဖူးတဲ့ ကပ္ပတိန်ဟောင်း ဘန်လေနည်းပြ ကွန်ပနီအနေနဲ့ သူ့အသင်းကို ဘောလုံးကိုင်ကစားတဲ့ အဆင့်မြင့် ပုံစံတစ်ခုဆီ ပြောင်းလဲသွတ်သွင်းထားနိုင်ခဲ့ပေမယ့် ကစားသမားအင်အားနဲ့ အဆင့်အတန်းအရ အသင်ဟောင်းကို ယှဉ်ဖို့တော့ မဖြစ်နိုင်ခဲ့ဘဲ အစ်တီဟတ်မှာ တောင့်ခံဖို့ ကြိုးစားခဲ့ပေမယ့် နာရီဝက်လောက်ပဲ တတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂိုးသမား အော်တေဂါ ကန်တင်လိုက်တဲ့ ဘောလုံးကို ဟားလန်းက ခေါင်းတိုက်ချပေးပြီး ရှေ့ကို ပြန်အပြေးမှာ အယ်လ်ဗာရက်ဇ်က ခပ်ကျဲကျဲ နေရာယူထားတဲ့ ဘန်လေခံစစ်ကြားကနေ ပြေးလမ်းကြောင်းထဲ ကွက်တိ ထည့်ပေးခဲ့တာကို နော်ဝေတိုက်စစ်မှူးက ဂိုးသမား ပီးကော့ခ်-ဖာရဲလ်ရဲ့ ဘေးကနေ အနိမ့်ဘော ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ တောင်ပံ တစ်လျှောက် ဆွဲပြေးလာခဲ့တဲ့ ဖိုဒန်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ပေးရာမှာ ခံစစ်မှာ သုံးယောက်တောင် ရှိခဲ့ပေမယ့် နှေးကွေးနေခဲ့တဲ့ ဘန်လေတို့ မတားဆီးနိုင်ခဲ့ဘဲ လွတ်လာတဲ့ ဘောလုံးကို ဟားလန်းကပဲ ပညာသားပါပါနဲ့ ပိတ်သွင်းရယူသွားခဲ့တာပါ။

ပထမပိုင်းမှာ မန်စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ကွန်ပနီအနေနဲ့ အသင်းဟောင်းကို တုံ့ပြန်ဖို့အတွက် တိုက်စစ်က ဖော်စတာနဲ့ ကွင်းလယ်က ဂွတ်ဒ်မွန်ဆန်တို့အစား အက်ရှ်လီ ဘန်းစ်နဲ့ ဂျက်ခ် ကော့ခ်တို့ ဝါရင့်နှစ်ဦးကို ထည့်သွင်းသွားခဲ့တာကြောင့် ကစားကွက်က အနည်းငယ် တည်ငြိမ်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ဟားလန်းကပဲ တတိယဂိုးကို သူ့ရဲ့ နှစ်ပွဲဆက် ဟက်ထရစ်အဖြစ် သွင်းယူသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ မာရက်ဇ်က ဘယ်ခြမ်းကို ခင်းပေးတဲ့ ဘောလုံးကို ဖိုဒန်က အနိမ့်ဘော ထောင့်ဖြတ် ကန်သွင်းယူရာမှာ ကံမလိုက်ခဲ့ဘဲ တိုင်ထိထွက်လာခဲ့တာကို နော်ဝေသားက မနားတမ်း အပြင်းကန်သွင်းပြီး ရယူသွားခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာ မန်စီးတီးတို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်တွဲလုံးကနေ မာရက်ဇ်နဲ့ ဝမ်းတူးရိုက်ပြီး ထွက်လာတဲ့ ဒီဘရိုင်းနားက ဧရိယာထဲကို ဆွဲဝင်ပြီးမှ ဂိုးရှေ့ကို အနိမ့်ဘော ခင်းပေးရာမှာ ဘန်လေနောက်ခံလူ ငါးယောက်လောက်ကြားက ထွက်လာတဲ့‌ ဘောလုံးကို အယ်လ်ဗာရက်ဇ်က သာသာယာယာ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန်စီးတီးတို့ဘက်က အပြောင်းအလဲလုပ်ခဲ့ပြီး ရူဘင် ဒီယက်စ်၊ ဟားလန်း၊ ရိုဒရီနဲ့ ရီကို လူးဝစ္စတို့အစား အာကန်ဂျီ၊ ပါးလ်မား၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို လူစားလဲသွားခဲ့သလို ဘန်လေတို့ကဘက်ကတော့ ဦးစားပေး ကစားသမားတွေထဲက အရန်ခုံ ထိုင်ခိုင်းထားတဲ့ အိုဘာဖီမီကို တယ်လာအစား ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ မန်စီးတီးတို့ ပဉ္စမ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒီဘရိုင်းနားက ညာခြမ်းကို ခင်းပေးတဲ့ ဘောလုံးကို ဖိုဒန်က ဂိုးရှေ့ ဖြတ်တင်ပေးရာမှာ ဂိုးသမား ပီးကော့-ဖာရဲလ် ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ပါးလ်မားက မြေမကျ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ မန်စီးတီးတို့အတွက် ပွဲသိမ်း ဒါဇင်ဝက်ဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကယ်လ်ဗင် ဖိလစ် ခေါင်းတိုက်ချပေးတာကို ဒီဘရိုင်းနားက ဘန်လေခံစစ်ကို ကျော်ပြီး ခင်းပေးရာမှာ အယ်လ်ဗာရက်ဇ်က ပြေးလိုက်ပြီး ပိတ်ဆို့ဖို့ ကြိုးစားတဲ့ နောက်ခံလူ အယ်လ်ဒါခီလ်ကို ဟန်ချက်ပျက်ပြီး ဖင်ထိုင်လဲစေခဲ့သလို ဘယ်ဘက်ထောင့်ကို အပြင်းကန်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘန်လေတို့ကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားပြီး အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို ဒီရာသီမှာ ဖလားသုံးလုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့ကြပြီး လာမယ့် တနင်္ဂနွေနေ့ညမှာတော့ ဘယ်အသင်းနဲ့ ထပ်မံတွေ့ဆုံမလဲဆိုတာကို မဲခွဲရေးဆွဲပြီး သိရှိရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post