အဲဗာတန်ကို ပွဲရာပြည့်အနိုင်နဲ့ ရှုံးကြွေးကို ဂိုးပြတ်အတိုးနဲ့ဆပ်တဲ့ အမြင့်ပျံ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ လက်စတာနဲ့ပွဲက အတိုင်းပဲ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ မိုက်ကယ် ကီးန်၊ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ ဒူကူရေး၊ အိုနာနာ၊ အီဝိုဘီနဲ့ မက်နီးလ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မော်ပေတစ်ဦးတည်းကို အထောင်ထား ကစားခဲ့တာပါ။

ထုံးစံအတိုင်းပဲ အာဆင်နယ်တို့ ဘောလုံးကိုင်ကစားသွားခဲ့သလို အဲဗာတန်တို့ကတော့ ဂန်းနားတွေရဲ့ ဘောလုံးလမ်းကြောင်းကို ပိတ်ဆို့ဖို့ပဲ ကြိုးစားလာခဲ့ပြီး အန္တရာယ်များတဲ့ နေရာတွေကို ဘောလုံးပေးမရအောင် တတ်နိုင်သလောက် ကာဗာလုပ်ကစားခဲ့သလို နည်းပြ ရှောင်ဒိုက်ချ်အနေနဲ့ အဝေးကွင်းမှာ ရလဒ်ကောင်းနိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့အနေနဲ့ အကူးအပြောင်းအတွေမှာ သွက်လက်ခြင်းမရှိသလို ညာခြမ်းက အော်ဒီဂွါဒ်က ပျက်စီးနေပြီး ဆာကာနဲ့ ဘန်ဝှိုက်တို့က လေးလံနေခဲ့သလို အထနှေးနေခဲ့တာကြောင့် အဲဗာတန်တို့ကို တော်တော်နဲ့ ထိုးနှက်နိုင်ခြင်း မရှိခဲ့ဘဲ ဧည့်သည်တွေကတောင် ဂိုးပေါက်နှစ်ကြိမ် ခြိမ်းခြောက်သွားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၄၀ မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရှေ့အထိတက်ပြီး ကစားကွက်ဖော်တဲ့ နောက်ခံလူ ဇင်ချန်ကိုရဲ့ ပေးပို့မှုကနေ ဒီနေ့မှာ လေးလံနေလို့ အဲဗာတန်ခံစစ်ရဲ့ အာရုံစိုက်မှု လျော့ကျလာခဲ့တဲ့ ဆာကာက အခွင့်အရေးကို မလွတ်တမ်း အသုံးချပြီး ညာဘက်ထောင့်ကျဉ်းထဲကို အပြင်းကန်ထည့်ရာမှာ ဘောလုံးနဲ့ ဂိုးပိုက်ခေါင်မိုးတို့ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်က ဂါနာ ဂေးယီရဲ့ တုံ့ဆိုင်းမှုကို နောက်ကနေ ပြေးဝင်ပြီး လုယူနိုင်ခဲ့တဲ့ ဆာကာရဲ့ ဖျက်ထုတ်မှုကနေ ထွက်လာတဲ့ ဘောလုံးကို မာတီနယ်လီက ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အာဆင်နယ်တို့ဘက်က ဂျော်ဂျင်ညိုအစား ပါတေး ဝင်ကစားခဲ့ပြီး ခံစစ်လုံခြုံဖို့နဲ့ ကွင်းလယ်မှာ‌ ဘောလုံးပို လုနိုင်ဖို့ လုပ်ဆောင်လာခဲ့သလို အဲဗာတန်တို့ဘက်ကတော့ အမှားကြောင့် ဂိုးပေးခဲ့ရတဲ့ ဂေးယီအစား ဟိုလ်ဂိတ်ကို ထည့်သွင်းခဲ့ပြီး ဗဟိုခံစစ်ရှေ့ကနေ ပိတ်ဆို့ဖို့ ပြင်ဆင်လာခဲ့တာပါ။

ဒီနောက်မှာ အဲဗာတန်တို့ဘက်က မော်ပေနဲ့ ကိုးလ်မန်းအစား ဂရေးနဲ့ ဂေါ့ဖရီတို့ကို ထည့်သွင်းခဲ့ပေမယ့် ဘာမှတော့ ထူးမလာခဲ့ဘဲ အာဆင်နယ်ပရိသတ်တွေရဲ့ ရန်သူ ဂေါ့ဖရီကို ကျုံးသွင်းပြီး ထရော့ဆတ်က အဝါတစ်ကတ် လက်ဆောင်ပေးသွားနိုင်ခဲ့တာကြောင့် ရှောင်ဒိုက်ချ် မျှော်လင့်တဲ့ ညာခြမ်းခံစစ်ကို အားဖြည့်နိုင်ဖို့ ကိစ္စက အလကားဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးပြန်ရလာတဲ့ ချာကာက အဲဗာတန်ရဲ့ ပိတ်ဆို့မှုကို အလစ်အငိုက် ဖောက်ထွက်ပြီး ဘယ်ခြမ်းကို ချပေးခဲ့ရာမှာ ထရော့ဆတ်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးတာကို ကပ္ပတိန် အော်ဒီဂွါဒ်က အပိုင်ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

သုံးဂိုးရအပြီးမှာတော့ အာဆင်နယ်တို့ဘက်က ချာကာနဲ့ ထရော့ဆတ်တို့ကို အနားပေးပြီး ဖာဘီယို ဗီယာရာနဲ့ နကီးတီးယားတို့ကို ထည့်သွင်း ကစားခဲ့သလို တွဲလုံးတွေနဲ့ အလှပြကစားနိုင်ခဲ့တာကြောင့် အဲဗာတန်ခံစစ်က တားဆီးဖို့ ခက်နေခဲ့ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်တစ်ယောက်ကတော့ အတော့်ကို အလုပ်များနေခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ စတုတ္ထအနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဇင်ချန်ကိုရဲ့ အမြော်အမြင်ရှိရှိနဲ့ ဧရိယာထဲ ထည့်ပေးလိုက်တဲ့ ဘောလုံးကို အဲဗာတန်ခံစစ်ရဲ့ ကြားကနေ ပြေးထွက်သွားခဲ့တဲ့ နကီးတီးယားက ထောင့်ကျဉ်းနားကနေ ကန်မလိုလိုနဲ့ အတွင်းကို ချိုးပေးရာမှာ မာတီနယ်လီက ခြေဦးနဲ့ထိုးပြီး ပိတ်သွင်းနိုင်ခဲ့တာပါ။

အာဆင်နယ်တို့ဘက်ကတော့ ပွဲဆက်များနေတဲ့ ဆာကာကို ထပ်အနားပေးခဲ့ပြီး စမစ်ရိုးနဲ့ လဲကစားခဲ့သလို ဇင်ချန်ကိုအစားလည်း တီယာနီကို ထည့်သွင်းသွားခဲ့ပြီး မာတီနယ်လီကတော့ ညာတောင်ပံကို ထွက်ကစားခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ အခွင့်အရေးတွေကို ထပ်မံအသုံးချနိုင်ခြင်း မရှိတော့လို့ လေးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

အဲဗာတန်တို့ကို ရှုံးကြွေးဆပ်ပြီး ပွဲ ၁၀၀ ပြည့်အောင် အနိုင်ကစားနိုင်ခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့အနေနဲ့ ပွဲကျန်ကစားပြီးခဲ့ချိန်မှာ ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၅ မှတ်နဲ့ တစ်ပွဲကစားဖို့ ကျန်သေးတဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ၁၁ မှတ် ဖြတ်ထားနိုင်ခဲ့ပြီး ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှေ့တစ်လှမ်းတိုးနိုင်ခဲ့သလို သုံးပွဲဆက်အနိုင်နဲ့ ပရိသတ်တွေကို ပျော်ရွှင်စေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post