တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲရိုးနဲ့ လွန်ဂလေတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ စကစ်ပ်၊ ပက်ဒရို ပေါ်ရိုနဲ့ ဘန်ဒေးဗီးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ရစ်ချာလစ်ဆန်နဲ့ ဟာရီကိန်းတို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ဆောက်သမ်တန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ ဘယ်လာ-ကော့ချက်ပ်၊ ဝေါ်လ်ကာ-ပီတာစ်နဲ့ ပယ်ရိုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ လာဗီယာ၊ ဝါ့ဒ်-ပရောက်စ်၊ အယ်လ်ယူနူစီနဲ့ စတူးဝပ် အမ်းစ်ထရောင်းတို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ ရှေအက်ဒမ်စ်နဲ့ ဝဲလ်ကော့တို့ကို ပွဲထုတ်လာခဲ့ပါတယ်။
တန်းဆင်းဇုန် ရုန်းနေခဲ့တဲ့ စိန့်တို့အနေနဲ့ ဒီနေ့ပွဲမှာ အိမ်ကွင်းအားကိုးနဲ့ ဖွင့်ကစားခဲ့ပြီး ဧည့်သည်တွေကတော့ သတိကြီးကြီး ကစားခဲ့ကြသလို နှစ်သင်းစလုံးရဲ့ အခွင့်အရေးအသုံးချမှုအပိုင်းမှာတော့ အားနည်းခဲ့ကြပြီး ပွဲချိန် ၅ မိနစ်မှာကတည်းက စပါးစ်တို့ဘက်က ရစ်ချာလစ်ဆန် နာသွားခဲ့ပြီး ကူလူရှက်ဗ်စကီးနဲ့ လဲခဲ့ရအပြီးမှာတော့ ဆောက်သမ်တန်တို့ဘက်က သုံးမိနစ်အကြာမှာ ဘယ်လာ-ကော့ချက်ပ်အစား ဆာလီဆူးကို ထည့်ခဲ့ရတာပါ။
ဟာရီကိန်းရဲ့ တိုက်စစ်မှာ မနေဘဲ ကွင်းလယ်နဲ့ ခံစစ်မှာ လျှောက်ကစားနေတဲ့ ပုံစံက စပါးစ်တို့အတွက်တော့ အားသာချက်မဖြစ်ဘဲ တိုက်စစ်ကို အားနည်းစေခဲ့သလို ဆွန်ဟောင်မင်ကလည်း အရင်ရာသီက ခြေစွမ်းကို မမီဘဲဖြစ်နေခဲ့ချိန်မှာ ပွဲချိန် မိနစ် ၃၀ ကျော်မှာတော့ ဒဏ်ရာအသီးသီးရသွားတဲ့ စိန့်က ဘက်ဒ်နာရက်ခ်နဲ့ စပါးစ်က ဒေးဗီးစ်တို့အစား မိတ်လန်း-နိုင်းလ်စ်နဲ့ ပါရီရှစ်ချ်တို့ကို လူစားလဲခဲ့ရပြန်ပါတယ်။
နာကျင်အချိန်ပို ၁ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဆွန်ဟောင်မင် ခင်းပေးတာကို ကူလူရှက်ဗ်စကီး မယူဘဲ ဖိန့်ပြီး လွှတ်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းကနေ ဝင်ရောက်လာခဲ့တဲ့ ပက်ဒရို ပေါ်ရိုက ဧရိယာထဲမှာ တစ်ချက်ထိန်းပြီးမှ အပြင်းကန်သွင်းခဲ့ရာမှာ ဘားအောက်က ကပ်ဝင်သွားခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ကြတာပါ။
ဒုတိယပိုင်း ပြန်စစချင်းမှာတော့ ဆောက်သမ်တန်တို့ ဂိုးပြန်ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ပွဲချိန် ၄၆ မိနစ်မှာ ကွင်းလယ်က လာဗီယာ ခင်းပေးတာကို ညာခြမ်းကနေ လွတ်ထွက်သွားခဲ့တဲ့ ဝဲလ်ကော့က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ရှေအက်ဒမ်စ်က ရိုမဲရိုးရှေ့ကနေ ပိတ်သွင်းပြီး တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ဆောက်သမ်တန်တို့ ဖီးလ်တွေ တက်ပြီး ဖိကစားခဲ့ကြလို့ စပါးစ်တို့ ခံစစ်မှာ ဆုတ်ခံနေခဲ့ရပြီး ကောင်တာကိုပဲ အားပြုခဲ့ရသလို အိမ်ရှင်ဘက် ဝါ့ဒ်-ပရောက်စ်နဲ့ ဧည့်သည်တွေဘက်က ပါရီရှစ်ချ်တို့ အပြိုင်ဖြုန်းခဲ့ကြတာကြောင့် ဂိုးမရခဲ့ကြဘဲဖြစ်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ မိတ်လန်း-နိုင်းလ်စ်ရဲ့ လက်ထိဘောကိုတော့ VAR က မရှောင်နိုင်တဲ့ Natural Position မှာ ရှိနေတယ်ဆိုပြီး ခွင့်လွှတ်ပေးသွားခဲ့တာပါ။
ပွဲချိန် ၆၅ မိနစ်မှာတော့ စပါးစ်တို့ ထပ်မံ ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ဘောလုံးရလာခဲ့တဲ့ ကူလူရှက်ဗ်စကီးက အတွင်းကို တစ်ချက်ခေါက်ပြီးမှ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ ဗဟိုနောက်ခံလူစစ်စစ် မရှိဘဲ အားနည်းချက်ဖြစ်နေခဲ့တဲ့ မိတ်လန်း-နိုင်းလ်စ်နဲ့ ဝေါလ်ကာ-ပီတာစ်တို့ကြားကနေ ဟာရီကိန်းက အားကြီးနဲ့ ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၄ မိနစ်မှာ စပါးစ်တို့ပဲ တတိယ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ကူလူရှက်ဗ်စကီး ဖြတ်တင်ပေးရာမှာ ဆောက်သမ်တန်ခံစစ်က ရှင်းထုတ်ခဲ့ပြီး လည်ထွက်လာခဲ့တဲ့ ဘောလုံးကို ပါရီရှစ်ချ်က ဧရိယာထိပ်ကနေ ပါးနပ်စွာနဲ့ မြေထောက်ကန်ပြီး ဂိုးသမား ဘာဇူးနူး ဖမ်းမရအောင် အနိုင်ယူသွားခဲ့တာပါ။
နှစ်ဂိုးဆက်တိုက် ပေးလိုက်ရလို့ တင်သွားခဲ့တဲ့ ဆောက်သမ်တန်နည်းပြ ရူဘင် ဆဲလက်စ်ကတော့ တော်တော်လေး တင်းသွားခဲ့ပြီး ပွဲချိန် မိနစ် ၇၀ ကျော်မှာ လူစားသွင်းထားခဲ့တဲ့ မာရာ၊ ဆူလေမာနာနဲ့ အယ်လ်ကာရက်ဇ်တို့အားကိုးနဲ့ အသင်းကို ဖောင်ဖျက်ကစားခိုင်းခဲ့သလို ဗဟိုခံစစ်မှူး မဟုတ်တဲ့ မိတ်လန်း-နိုင်းလ်စ်ကိုလည်း မူလနေရာ ကွင်းလယ်မှာ တက်ကစားခိုင်းခဲ့တာကြောင့် စပါးစ်တို့ ပိုပြီး အဖိခံလာခဲ့ရပါတယ်။
ပွဲချိန် ၇၇ မိနစ်မှာတော့ ဆောက်သမ်တန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ရလာတဲ့ ဘောလုံးကို ဝါ့ဒ်-ပရောက်စ်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ တိုက်စစ်မှူး မာရာက ခေါင်းတိုက်ချပေးခဲ့တာကို ရှင်းမထုတ်နိုင်ဘဲ နှေးနေတဲ့ ရိုမဲရိုးကြောင့် ဝဲလ်ကော့က အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာပါ။
ဒီနောက်မှာတော့ စပါးစ်နည်းပြ ကွန်တီအနေနဲ့ ပိတ်ကစားမယ့် ရုပ်ပျက်ဆင်းပျက် ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့ပြီး ညာခြမ်းမှာ အဟန့်ရှိနေတဲ့ ကူလူရှက်ဗ်စကီးနဲ့ ပက်ဒရို ပေါ်ရိုတို့ကို အီမာဆန် ရိုယဲလ်၊ ပါပီ ဆားရ်တို့နဲ့ လဲကစားသွားခဲ့ပြီး အချိန်ဆွဲကစားဖို့ပါ ကြိုးစားလာခဲ့တာကြောင့် အိမ်ရှင်တွေ အနေနဲ့ တစ်သင်းလုံးအားနဲ့ ပေါက်ကွဲပြီး ဖိကစားလာခဲ့ကြတာပါ။
Post a Comment