ဘရစ္စတိုလ်ကို ဖိဖိစီးစီး ကစားပြီး အဝေးဂိတ်မှာ နောက်တစ်ဆင့်တက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ကယ်လ်ဗင် ဖိလစ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဖိုဒန်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ကွင်း အက်ရှ်တန်ဂိတ်မှာ ကစားခဲ့ရတဲ့ ဘရစ္စတိုလ်စီးတီးတို့ကတော့ ဂိုးသမား အိုလီယာရီ၊ ခံစစ်မှာ ဗိုင်နာ၊ ကာလာ့စ်၊ တန်းနားနဲ့ ပရင်းစ်တို့ကို စုဖွဲ့ပေးလာခဲ့ပြီး ကွင်းလယ်မှာတော့ ဝီလီယမ်စ်၊ ဂျိမ်းစ်၊ ဘဲလ်၊ စကော့နဲ့ ဆိုက်ခ်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ နာခီ ဝဲလ်စ်တစ်ဦးတည်းကို တင်ကစားခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဒီဘရိုင်းနားနဲ့ ဝမ်းတူးရိုက်ပြီး ထွက်လာခဲ့တဲ့ မာရက်ဇ်က ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဘရစ္စတိုလ်ဘက်က ဘယ်သူမှ မတားဆီးနိုင်ခဲ့တဲ့ ဘောလုံးကို ဖိုဒန်က အဝေးတိုင်ဘက်ကနေ စောင့်ပြီး အသာအယာ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ တစ်ချက်လောက်ပဲ လွဲချော်မှုပါခဲ့ရင် ဖျက်ထုတ်ခံရနိုင်ပေမယ့် တစ်ဖက်အသင်းရဲ့ အားနည်းချက်နေရာကို ကွက်တိထိုးနှက်နိုင်ခဲ့တာ ဖြစ်ပြီး ဘရစ္စတိုလ်တို့ကတော့ တစ်ချက်ကောင်း ကောင်းတာတွေနဲ့ တုံ့ပြန်နိုင်ဖို့ ကြိုးစားနေခဲ့ပေမယ့် ဂိုးရှေ့ရောက်ရင် အလုပ်မဖြစ်ခဲ့ဘဲဖြစ်နေခဲ့သလို ပထမပိုင်းမှာတော့ မန်စီးတီးတိုက်စစ်မှူးတွေ အဆုံးသတ် မကောင်းတာကြောင့် တစ်ဂိုး-ဂိုးမရှိပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ဂိုးသမား အော်တေဂါအစား အီဒါဆန် ဝင်လာခဲ့ပြီး ဘရစ္စတိုလ်တို့ကတော့ တောင်ပံက တန်းနားအစား အက်စ်တန်ဗီလာတိုက်စစ်မှူးဟောင်း ဗိုင်းမန်းကို ထည့်သွင်းခဲ့တာကြောင့် ချဲလ်ဆီးနောက်ခံလူဟောင်း ကာလာ့စ်နဲ့ပေါင်းရင် ပရီးမီးယားလိဂ် ကစားသမားဟောင်းနှစ်ဦးအထိ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာ ဖိုဒန်ရဲ့ ဘယ်ခြမ်းက အနိမ့်ဘော ဖန်တီးမှုကို ပြေးပိတ်တဲ့ အယ်လ်ဗာရက်ဇ် နောက်ကျနေခဲ့လို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရသလို မန်စီးတီးတို့ ဖိကစားနေခဲ့ပေမယ့် ဟားလန်းမပါတဲ့ တိုက်စစ်မှာ ဘော်ဒီကြီးကြီးနဲ့ ကာသွားတဲ့ ဘရစ္စတိုလ်ဘက်ကို ထိုးဖောက်ဖို့ ခက်ခဲနေခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ မာရက်ဇ်အစား ဂရီးလစ်ရှ်ကို စတင်အပြောင်းအလဲလုပ်ခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ မန်စီးတီးတို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘရစ္စတိုလ်ခံစစ်ကြားက လွတ်သွားတဲ့ အာကေက အလယ်ကို ထိုးပေးရာမှာ အယ်လ်ဗာရက်ဇ်က ညာခြမ်းကို ထပ်ခင်းပေးခဲ့တဲ့ ဘောလုံးကို ညာတောင်ပံ ပြောင်းကစားနေတဲ့ ဖိုဒန်က အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာ မန်စီးတီးတို့ပဲ တတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဂရီးလစ်ရှ် ဆွဲယူလာပြီး ကွင်းလယ်ထဲ ပြန်ထည့်ပေးတဲ့ ဘောလုံးကို ဒီဘရိုင်းနားက ပြန်ရပြီးတဲ့နောက် Dummy Run ပြေးထွက်သွားတဲ့ အယ်လ်ဗာရက်ဇ်ကြောင့် ဘရစ္စတိုလ်နောက်ခံလူတွေ ယောင်ဝါးသွားပြီး နေရာလွတ်ရသွားခဲ့ချိန်မှာ ဘယ်လ်ဂျီယမ်သားက ဧရိယာထိပ်ကနေ အနိမ့်ဘော အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘရစ္စတိုလ်စီးတီးတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အဝေးကွင်း အက်ရှ်တန်ဂိတ်မှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး အက်ဖ်အေဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့သလို နောက်တစ်ဆင့်မှာတော့ ဘယ်အသင်းနဲ့ ဆုံတွေ့ဦးမယ်ဆိုတာကိုတော့ မဲခွဲမှုမှာ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


Post a Comment

Previous Post Next Post