မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ ဆာဘစ်ဇာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ကို့ချ်၊ ဗိုဘာ၊ အေးလင်းနဲ့ စထရိုက်ခ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ တိုင်လာ အက်ဒမ်စ်၊ မက်ကင်နီနဲ့ ဟာရစ်ဆန်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဂနွန်တို၊ ဆီနီစတယ်ရာနဲ့ ဘမ်ဖို့ဒ်တို့ကို ယာယီ နည်းပြ မိုက်ကယ် စကူဘာလာက ကစားစေခဲ့တာပါ။
ပွဲချိန် ၁ မိနစ်မှာပဲ လိဒ်စ်တို့ အဖွင့်ဂိုး သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ် ဘောလုံးပျက်ရာကနေ ဘယ်ခြမ်းက ပြန်ရသွားခဲ့တဲ့ ဂနွန်တိုက ဘမ်ဖို့ဒ်နဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဒဟေးယား ကာကွယ်ဖို့ မတတ်နိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။
ဘမ်ဖို့ဒ် လူကျွံမကျွံ VAR ကြည့်ပြီး အတည်ပြုခဲ့ရတဲ့ ဒီဂိုးကတော့ မန်ယူနဲ့ လိဒ်စ်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ အရင်ကလို မပြင်းထန်တော့ဘူးလို့ ပွဲကြိုမှာ ပြောခဲ့တဲ့ ပြင်သစ်သား နောက်ခံလူဟောင်း ဆီလ်ဗက်စတာကို ဟားတိုက်စရာလည်းဖြစ်ခဲ့ရပြီး အထနှေးခဲ့တဲ့ သရဲနီတွေအတွက်တော့ ဝန်ဘစ်ဆာကာကို ချန်လှပ်ထားခဲ့ချိန်မှာ အဖျက်မပိုင်တဲ့ ဒါလော့ရဲ့ ညာခြမ်းက အားနည်းမှုတွေ ရှိလာခဲ့တာပါ။
ပွဲချိန် ၈ မိနစ်မှာကတည်းက ကိုလံဘီယာသား ဆီနီစတယ်ရာ နာသွားခဲ့လို့ လိဒ်စ်တို့ ဆမ်းမားဗီးလ်နဲ့ လူစားလဲခဲ့ရသလို ပွဲချိန် ၁၁ မိနစ်မှာ ထောင့်ကန်ဘောကနေ စထရိုက်ခ်က အနီးကပ် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် အားပျော့နေခဲ့လို့ ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ သက်သာခဲ့ရပြီး ပွဲချိန် ၁၈ မိနစ်မှာတော့ အပိုင်အခွင့်အရေးကို ဂါနာချိုက မယုံနိုင်လောက်အောင် တိုင်ဘေးက လွဲချော်သွားခဲ့ပါတယ်။
မန်ယူကွင်းလယ်မှာ ဆာဘစ်ဇာကတော့ ကာစီမီရိုနဲ့ မနီးရိုးစွဲ လိုက်ကစားနိုင်တာကို တွေ့ရပြီး ပွဲချိန် ၂၁ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ ညာခြမ်းက ဖြတ်တင်ဘော ခပ်ပြင်းပြင်းက လိဒ်စ်နောက်ခံလူ စထရိုက်ခ်ရဲ့ မျက်နှာကို မှန်ပြီး ဆက်မကစားနိုင်တော့တာကြောင့် ဂျူနီယာ ဖာပိုနဲ့ ထပ်လဲခဲ့ရသလို ပွဲချိန် ၂၇ မိနစ်မှာတော့ ဂိုးသမားကို လိမ်ခေါက်ဖြတ်ကျော်သွားတဲ့ ဂါနာချိုရဲ့ ကန်ချက်က ဂိုးပေါက်တည့်ခဲ့ပေမယ့် ရှင်းထုတ်ခံခဲ့ရလို့ ချေပဂိုးနဲ့ ဝေးခဲ့ရတာပါ။
တောက်လျှောက်ဆိုသလိုပဲ မန်ယူတို့ ဖိကစားနေခဲ့ပြီး အန်တိုနီ မပါနိုင်လို့ ညာခြမ်းထွက်ကစားရတဲ့ ရက်ရှ်ဖို့ဒ်က အရင်ပွဲတွေလောက် အကျိုး မပြုနိုင်ခဲ့ချိန်မှာ လိဒ်စ်တို့ကတော့ ဘယ်ခြမ်းက ဂါနာချိုကို ပိတ်ဆို့သွားနိုင်ခဲ့သလို နာကျင်အချိန်ပို ၈ မိနစ်အထိ ကစားခဲ့ရတဲ့ ပထမပိုင်းမှာ အိမ်ရှင်တွေရဲ့ အဝေးကန်ချက်တွေ အလုပ်မဖြစ်တာကြောင့် လိဒ်စ်တို့ကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ လိဒ်စ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောက ပြန်ထွက်လာတာကို ဂါနာချို ဆွဲယူရင်း ဘောလုံးပျက်ရာကနေ ဘယ်ခြမ်းက ထပ်မံတိုက်စစ်ဆင်ခဲ့တဲ့ ဂနွန်တိုက ဧရိယာထဲကို ခင်းပေးရာမှာ ပြေးဝင်ခဲ့တဲ့ ဆမ်းမားဗီးလ်က ဂိုးရှေ့ချိုးပေးတာကို တားဆီးရင်း ဗာရွန်းက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။
ပွဲချိန် ၅၉ မိနစ်မှာတော့ အလုပ်မဖြစ်တဲ့ မန်ယူတိုက်စစ်ကို တန်ဟတ်က အပြောင်းအလဲလုပ်လာခဲ့ပြီး ဗက်ဂ်ဟော့စ်နဲ့ ဂါနာချိုတို့အစား ဆန်ချိုနဲ့ ပယ်လစ္စထရီတို့ကို ထည့်သွင်းလာခဲ့သလို ရက်ရှ်ဖို့ဒ်က အထောင်မှာ Free Role လိုက်ကစားခဲ့တာကြောင့် တိုက်စစ်က ပိုတက်လာခဲ့ပြီး ခံစစ်ကစားနေတဲ့ လိဒ်စ်တို့ ဖရိုဖရဲဖြစ်လာခဲ့ပါတယ်။
ပွဲချိန် ၆၂ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပယ်လစ္စထရီက ဖာပိုနဲ့ အပြိုင်လုယူပြီး နောက်ပြန်ချပေးတာကို ဒါလော့က ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ တုံ့နှေးနေတဲ့ လိဒ်စ်နောက်ခံလူ ကို့ချ်ကြောင့် ရက်ရှ်ဖို့ဒ်က ခေါင်းခုန်တိုက်ပြီး ဂိုးသမား မေလီယေးကို အနိုင်ယူသွားခဲ့တာပါ။
ဂိုးပေးလိုက်ရအပြီးမှာတော့ လိဒ်စ်ဘက်က ဘမ်ဖို့ဒ်နဲ့ ဟာရစ်ဆန်တို့အစား ရပ်တာနဲ့ အာရွန်ဆန်တို့ကို ထည့်သွင်းကစားလာခဲ့သလို ပွဲချိန် ၆၅ မိနစ်မှာ ဖရီးကစ်ကနေ အာရွန်ဆန်ရဲ့ ကန်ချက်က လေးယောက်တန်းကာတဲ့ ခပ်ညံ့ညံ့ လူတိုင်းရဲ့ အလယ်တည့်တည့်ကနေ ဝင်လာပြီး တိုင်ထိသွားခဲ့လို့ ယူနိုက်တက်တို့ ရှုံးပွဲတွေ့ဖို့ကနေ ကံသီပြီး လွတ်သွားခဲ့ရပါတယ်။
ပွဲချိန် မိနစ် ၇၀ မှာတော့ ယူနိုက်တက်တို့ပဲ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို ရယူသွားနိုင်ခဲ့ကြလို ဒီဂိုးကိုတော့ လိဒ်စ်ခံစစ်ကြားကနေ ထိုးဖောက်ပြီး ဂိုးရှေ့ချိုးပေးတဲ့ လုခ်ရှောရဲ့ ဖြတ်တင်ဘော ပြန်ထွက်လာတာကို ဆန်ချိုက ဘယ်ခြမ်းကနေ ဧရိယာထဲ ဆွဲဝင်ပြီး လူကြားထဲက ကန်သွင်းခဲ့ရာမှာ မြင်ကွင်းပိတ်နေတဲ့ ဂိုးသမား မေလီယေး လက်နားက ကပ်ဝင်သွားခဲ့လို့ နှစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ဘက်က ဒါလော့နဲ့ ဆာဘစ်ဇာတို့အစား မာလာစီယာနဲ့ လင်ဒီလော့ဖ်တို့ကို လူစားလဲပြီး ကစားကွက် ပြောင်းလဲသွားခဲ့ပေမယ့် အိမ်ရှင်တွေအနေနဲ့ ကျဆင်းလာတဲ့ လိဒ်စ်ခံစစ်ကို ကျော်ဖြတ်ပြီး နောက်တစ်ဂိုး ထပ်ရဖို့ မတတ်နိုင်တော့တာကြောင့် နှစ်ဂိုးစီ သရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ရပါတယ်။
ဒီပွဲရလဒ်ကြောင့် လိဒ်စ်ယူနိုက်တက်တို့အနေနဲ့ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်သွားနိုင်ခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်တို့ကတော့ ထိပ်ဆုံးက အာဆင်နယ်တို့ထက် နှစ်ပွဲပို ကစားထားတာတောင် ၇ မှတ် ဝေးကွာနေခဲ့သေးတာကြောင့် သူတို့ရဲ့ ချန်ပီယံ စိတ်ကူးနဲ့ ဆင်ဖမ်းကျားဖမ်း ပလန်က အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ပရွက်ဆိတ်လေးကို ခလုပ်တိုက်လဲပြီး စိတ်ပျက်စရာဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment