လိုက်ပ်ဇစ်နဲ့ သရေကျပြီး ရှုံးထွက်အဆင့်မှာ အနူတောက လူချောဖြစ်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ ဂျာမန်မြေမှာ RB လိုက်ပ်ဇစ်အသင်းကို သရေသာ ရယူနိုင်ခဲ့ပေမယ့် ဒါက အင်္ဂလန်အသင်းတွေထဲမှာ အကောင်းဆုံးရလဒ်ဖြစ်နေခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ စပါးစ်တို့ အသီးသီး ရှုံးနိမ့်ထားခဲ့ချိန်မှာ ဂွါဒီယိုလာရဲ့ လူတွေလည်း နိုင်ပွဲမရဘဲဖြစ်ခဲ့ရပါတယ်။

စီးတီးတို့အနေနဲ့ အဝေးကွင်းကို သွားရောက်ကစားခဲ့ရချိန်မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂွန်ဒိုးဝမ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ကစားစေခဲ့တာပါ။

အိမ်ရှင် လိုက်ပ်ဇစ်တို့ကတော့ ဂိုးသမား ဘလာစ်ဗစ်ချ်၊ ခံစစ်မှာ အော်ဘန်၊ ဂွါဒီယောလ်၊ ဟယ်လ်စတန်ဘတ်နဲ့ ကလိုစတာမန်းတို့ကို နေရာ ချထားခဲ့ပြီး ကွင်းလယ်မှာတော့ လိုင်မာ၊ ရှလာဂါ၊ ဆိုဘော့ဆ်လိုင်း၊ ဖော့စ်ဘတ်နဲ့ တီမို ဗာနာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်ဒရေး ဆေးလ်ဗားကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် ဒီဘရိုင်းနား မပါဝင်တဲ့ ကွင်းလယ်ရဲ့ ဖန်တီးမှုပိုင်းက တစ်ခုခု လိုအပ်နေသလိုပဲဖြစ်နေခဲ့ပြီး လိုက်ပ်ဇစ်တို့ကတော့ ကောင်တာနဲ့ တောင်ပံတွေကို အားကိုးပြီး တုံ့ပြန်နေခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရှလာဂါ လူပေးမှားတဲ ဘောလုံးကို ဂရီးလစ်ရှ်က ဖြတ်ယူပြီး‌ ဧရိယာထိပ်ကို ထိုးပေးရာမှာ ဂွန်ဒိုးဝမ်က နောက်ပေါက်နဲ့ ဖန်တီးပေးတာကို မာရက်ဇ်က ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အမှားအယွင်းမရှိ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ လိုက်ပ်ဇစ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ မန်စီးတီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ အိမ်ရှင်တွေရဲ့ ခံစစ်က ကလိုစတာမန်းအစား ဟိုင်းန်ရစ်ချ် ဝင်ကစားလာခဲ့သလို တိုက်စစ်မြှင့် ကစားလာခဲ့ပေမယ့် အဖြစ်မရှိတဲ့ ရှလာဂါနဲ့ ဖော့စ်ဘတ်တို့လို ကစားသမားတွေကြောင့် ဂိုးပြန်ရဖို့ ခက်နေခဲ့တာပါ။

လိုက်ပ်ဇစ်တို့ဘက်က လူစားဝင်လာတဲ့ ဟိုင်းန်ရစ်ချ်က ခေါင်းတိုက်ချက်တစ်ကြိမ်နဲ့ ပိတ်သွင်းခွင့်တစ်ကြိမ်ကို လွဲချော်ခဲ့သလို အန်ဒရေ ဆေးလ်ဗားကတော့ ထောင့်ကျဉ်းအနေအထားကနေ အီဒါဆန်ကို မကျော်ဖြတ်နိုင်ခဲ့ချိန်မှာ မန်စီးတီးရဲ့ ဟားလန်းကလည်း ဂျာမန်မြေကို ခြေချိန်မှာ ရုန်းကန်နေခဲ့ရပြီး အိမ်ရှင်တွေအနေနဲ့ ဖော့စ်ဘတ်အစား အန်ကွန်ကူးကို ဖန်တီးမှု ပိုကောင်းဖို့ ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ လိုက်ပ်ဇစ်တို့ ပြန်လည်ချေပသွားခဲ့ကြပြီး ဒီဂိုးကတော့ ဆိုဘော့ဆ်လိုင်းရဲ့ ကန်ချက်ပြင်းပြင်းကို အီဒါဆန် ပုတ်ထုတ်လို့ ရတဲ့ ဘယ်ထောင့်ကန်ဘောကနေ အတိုပေးပြီး ဟယ်လ်စတန်ဘတ်က ဖြတ်တင်ပေးရာမှာ အမြင့်ဆုံးခုန်နိုင်ခဲ့တဲ့ ဂွါဒီယောလ်က ရူဘင် ဒီယက်စ်ရှေ့ကနေ ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ မန်စီးတီးတို့ဘက်က လူတစ်ယောက်မှ မလဲဘဲ ၁၁ ယောက်လုံး အစအဆုံး ကစားသွားခဲ့ပြီး လိုက်ပ်ဇစ်တို့ကတော့ အန်ဒရေ ဆေးလ်ဗား၊ ရှလာဂါနဲ့ ဟယ်လ်စတန်ဘတ်တို့အစား ယူဆွတ်ဖ် ပေါလ်ဆန်၊ ဟိုင်ဒါရာနဲ့ ရောင်းမ်တို့ကို ထည့်သွင်းသွားခဲ့ပေမယ့် နှစ်သင်းစလုံး ဂိုးတော့ ထပ်မရခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ RB လိုက်ပ်ဇစ်နဲ့ မန်ချက်စတာစီးတီးတို့ တစ်ဂိုးစီ သရေကျခဲ့ကြပြီး ဒီတစ်ပတ် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်မှာ အင်္ဂလိပ်အသင်းတွေ တစ်သင်းမှ မနိုင်တဲ့ မှတ်တမ်းဆိုးကို ရရှိသွားခဲ့သလို ဂွါဒီယိုလာအနေနဲ့ ကျန်တဲ့ လီဗာပူးလ်၊ စပါးစ်၊ ချဲလ်ဆီးတို့ထက် သာခဲ့ပေမယ့် နိုင်ပွဲနဲ့တော့ လွဲခဲ့ပြီး အနူတောမှာ လူချောတော့ ဖြစ်ခဲ့သေးပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post