ရှုံးကောင်းနေဆဲ လီဗာပူးလ်ကို အက်ဖ်အေအကြွေးဆပ်ပြီး ဂိုးပြတ်အနိုင်ယူတဲ့ ဝုလ်ဗ်စ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ မာတစ်ပ်၊ ဂျိုးဂိုမက်ဇ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကီတာ၊ ဘိုင်ချက်တစ်ချ်နဲ့ သီယာဂိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂက်ခ်ပို၊ နူးညက်ဇ်နဲ့ ဆာလားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဝုလ်ဗာဟမ့်ပ်တန်အသင်းကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်း၊ ဆီမီဒိုနဲ့ အိုက်နူရီတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ လီမီနာ၊ ရူဘင် နာဗက်စ်၊ မက်သီယူးစ် နူးနက်စ်နဲ့ ဟွမ်းဟီးချန်းတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ မက်သီယူးစ် ကွန်ညာနဲ့ ဆာရားဘီးယားတို့ကို ကစားစေခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာပဲ အိမ်ရှင်တွေ အဖွင့်ဂိုး သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ နူးနက်စ်ရဲ့ ပေးပို့မှုကို တောင်ပံကနေ ပြေးထွက်ခဲ့တဲ့ ဟွမ်းဟီးချန်းက ဂိုးရှေ့ကို ချိုးပေးဖို့ ကြိုးစားခဲ့ရာမှာ နောက်ခံလူ မာတစ်ချ်နဲ့ပြီး ဘောလုံးကို ဂိုးထဲကို ဝင်လာခဲ့လို့ အာနိုးလ်ဒ်နဲ့ အယ်လစ်ဆန်တို့ အငိုက်မိပြီး ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ဝုလ်ဗ်စ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်သလို ဖရီးကစ်ကတစ်ဆင့် မက်သီယူးစ် ကွန်ညာက ညာခြမ်းက ဖြတ်တင်ပေးတာကို ဂျိုးဂိုမက်ဇ် ရှင်းထုတ်လို့ ပြန်အကျမှာ ကေးလ်မန်း ကန်သွင်းခဲ့တာက ခံစစ်နဲ့ထိပြီး ပြန်ထွက်လာခဲ့တာကို ဒီနေ့ပွဲမှာမှ အသင်းနဲ့ စတင်ပွဲထွက်ခွင့်ရတဲ့ ဒေါ်ဆန်က အနီးကပ် Volley ကန်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာ နူးညက်ဇ်ရဲ့ ဧရိယာထိပ်က ကန်ချက်ကို ဂျိုဆေးဆား ပုတ်ထုတ်သွားနိုင်ခဲ့သလို လီဗာပူးလ်တို့ရဲ့ တိုက်စစ်ပိုင်းက ဖန်တီးမှုတွေကလည်း ခြေပျက်နေတဲ့ ဂက်ခ်ပိုနဲ့အတူ ဂိုးသွင်းဘုရင် ဆာလားဆီကို ကောင်းကောင်းမရောက်ခဲ့လို့ ဝုလ်ဗ်စ်တို့ စိတ်အေးခဲ့ရပြီး ပထမပိုင်းမှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ လီဗာပူးလ်တို့ တစ်သင်းလုံးတက်ပြီး ဖိတိုက်လာခဲ့သလို ကီတာက ဧရိယာထိပ်က ကန်ချက်နှစ်ကြိမ်နဲ့ ခြိမ်းခြောက်ခဲ့ပေမယ့် ဝုလ်ဗ်စ်တို့ ဂိုးစည်းရှေ့ကနေ ပိတ်ဆို့ရှင်းထုတ်သွားနိုင်ခဲ့ကြပြီး လက်ထိခဲ့တဲ့ ကေးလ်မန်းကိုတော့ သာမန်ဖြစ်ရပ်အဖြစ် ပင်နယ်တီ ပေးဖို့ မထိုက်တန်ဘူးလို့ ပယ်ချသွားခဲ့လို့ ဧည့်သည်တွေ စိတ်ပျက်ခဲ့ရတာပါ။

ပွဲချိန် ၅၅ မိနစ်မှာ ဆာလားက အနီးကပ် အခွင့်အရေးကို အသုံးမချနိုင်ဘဲ ချော်ကန်သွားခဲ့သလို သူ့ရဲ့ အဆုံးသတ်ပိုင်းတွေကတော့ ကျဆင်းနေတဲ့ လီဗာပူးလ်တိုက်စစ်နဲ့အတူ ပြဿနာရှိနေခဲ့ပြီဖြစ်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ ဖရိုဖရဲဖြစ်နေတဲ့ ပုံစံကို ကြည့်ရတာ ယာဂန် ကလော့ပ်တစ်ယောက် အလွယ်တကူ ပြင်ဆင်နိုင်ဖို့ မရှိသေးတဲ့ ပုံစံကိုလည်း ပေါ်လွင်နေစေခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဝုလ်ဗ်စ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘိုင်ချက်တစ်ချ်ဆီက လုယူနိုင်ခဲ့တဲ့ လူစားဝင် ကွင်းလယ်လူ ဂျာအို မော်တင်ညိုက ညာခြမ်းကို လှမ်းခင်းပေးခဲ့ရာမှာ အဒါမာ ထရာအိုရေးက ပြေးလိုက်ပြီး တောင်ပံကနေ ဂိုးရှေ့ကို ဖြတ်ချိုးပေးရာမှာ ရူဘင် နာဗက်စ်က ပြေးဝင်ရယူပြီး အယ်လစ်ဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ သွေးအေးအေး ကန်သွင်းယူသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးလ်တို့အနေနဲ့ ဒီတိုက်စစ်သမားတွေဆီကနေ ဂိုးရဖို့ မမျှော်လင့်နိုင်တော့သလို ရုပ်ပျက်ဆင်းပျက် မဖြစ်ဖို့ကိုသာ ကွင်းလယ်နဲ့ ခံစစ်ကို ပြောင်းလဲကျားကန်သွားခဲ့ရသလို ဝုလ်ဗ်စ်တို့ကတော့ အနိုင်သုံးမှတ်နဲ့ Clean Sheet ရဖို့ လုပ်ဆောင်ခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် မိုလီနူးမှာ လီဗာပူးလ်တို့ အရှက်ကွဲခဲ့ရပြီး နောက်ဆုံးလေးပွဲမှာ သုံးပွဲရှုံးနိမ့်ခဲ့တဲ့ ရလဒ်နဲ့ အဆင့် ၁၀ မှာ ဆက်လက်ရပ်တည်နေခဲ့သလို ဥရောပ မျှော်လင့်ချက်တွေကတော့ ဝေလာဝေးဖြစ်ခဲ့ရချိန်မှာ ဝုလ်ဗ်စ်တို့ကတော့ နိုင်ပွဲကြောင့် တန်းဆင်းဇုန်ကနေ ရုန်းထွက်ပြီး အဆင့် ၁၅ မှာ ရပ်တည်နေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။


Your new digest 50

Post a Comment

Previous Post Next Post