ဉာဏ်ရည်သာလွန်မှုနဲ့အတူ နယူးကာဆယ်တို့ဆီက လွယ်လွယ်ပဲ ဖလားသိမ်းတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်ယူနိုက်တက်တို့ကတော့ ဂိုးသမား ကားရီးယပ်စ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ လောင်းစတပ်ဖ်တို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ စန်မက်ဇီမန်၊ အယ်လ်မီရွန်နဲ့ ဝီလ်ဆန်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲစကတည်းက နယူးကာဆယ်လ်တို့ ဘောလုံးကိုင်ပြီး ဖိကစားခဲ့ပေမယ့် အဓိက နေရာတွေကို ကျစ်ကျစ်လျစ်လျစ် ပိတ်ဆို့ထားခဲ့တဲ့ ယူနိုက်တက်တို့ရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ဒါလော့တစ်ယောက်လောက်သာ ရှိနေတဲ့ အားနည်းချက်ကို စန်မက်ဇီမန်နဲ့ ထိုးဖောက်ဖို့ ဘယ်ခြမ်းကနေ ကြိုးစားခဲ့ပေမယ့် ကာစီမီရိုနဲ့ ဗာရွန်းတို့လို ကစားသမားတွေက အတွင်းကို အဝင်မခံဘဲ ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

မန်ယူနည်းပြ တန်ဟတ်အနေနဲ့ ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိပြီး ဘောလုံးအကြောင်းလည်း နားလည်ပုံကို ပြသခဲ့ချိန်မှာ ပြိုင်ဘက် ငှက်ကျားနည်းပြ အက်ဒီဟောင်းကတော့ ဉာဏ်ရည်မမီဘဲ ကစားကွက်နဲ့ နည်းစနစ်ဆိုတာကို သင်တန်းတက်ရဦးမယ့်ပုံဖြစ်နေပြီး အသင်းအတွက် ဘာမှ အကျိုးမပြုနိုင်တဲ့ ဒန်ဘန်ကို ဘယ်နောက်ခံမှာ သုံးစွဲခဲ့ရာမှာ ကစားကွက်ထဲ ပါမလာခဲ့တဲ့ အရှည်ကြီးက ဟန်ချက်မညီအောင် ဖျက်ဆီးပေးနေခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရက်ရှ်ဖို့ဒ်ကို ပြစ်ဒဏ်ကျူးလွန်ခံရလို့ ရတဲ့ ဖရီးကစ်ကနေ လုခ်ရှော ကန်တင်ပေးရာမှာ နယူးကာဆယ်လ်ခံစစ်ကြားကနေ လူမကျွံအောင် ချိန်သားကိုက် ပြေးထွက်နိုင်ခဲ့တဲ့ ကာစီမီရိုက ခေါင်းတိုက်ပြီး နာမည်ပျက်ကို အဖတ်ဆည်ဖို့ ကြိုးစားနေတဲ့ ဂိုးသမား ကားရီးယပ်စ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုလည်း ဘယ်ခြမ်းကနေပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်သလို တန်ပြန်တိုက်စစ်ကနေ ရလာခဲ့တဲ့ ဗက်ဂ်ဟော့စ်က နယူးကာဆယ်လ်ခံစစ်ကြားကနေ ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က ဘယ်ခြေနဲ့ ချိုးကန်ခဲ့တဲ့ ဘောလုံးက တားဆီးဖို့ ကြိုးစားခဲ့တဲ့ ဘော့တ်မန်နဲ့ ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာပါ။

အချိန်တိုအတွင်းမှာ မန်ယူတို့ရဲ့ စနိုက်ပါ တိုက်စစ်ကနေ နှစ်ဂိုးတောင် ပေးလိုက်ရလို့ နယူးကာဆယ်လ်တို့ သွေးရူးသွေးတန်းဖြစ်သွားခဲ့ပြီး တစ်ယောက်တစ်ပေါက် ညှစ်ရုန်းခဲ့ကြတာကိုလည်း တွေ့ရပြီး တန်ဟတ်ရဲ့ လူတွေကတော့ စနစ်တကျ ပွဲကို စီမံသွားခဲ့သလို ညာခြမ်းက အန်တိုနီကလည်း ဒန်ဘန်းကို ဘယ်နားမှာမှ အသုံးမဝင်ဘူးဆိုတာ အမျိုးမျိုး ပညာပြသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်တို့က နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ တစ်ဖက်အသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဒါလော့အစား ဝန်ဘစ်ဆာကာကို ထည့်သွင်းလာခဲ့သလို နယူးကာဆယ်လ်တို့ကတော့ လောင်းစတပ်ဖ်အစား အီဆက်ခ်ကို ထည့်ကစားခဲ့ပေမယ့် နည်းပြ အက်ဒီဟောင်းအနေနဲ့ ဘယ်နောက်ခံလူရဲ့ တိုက်စစ်မှာ ပံ့ပိုးပေးရမယ့် အခန်းကဏ္ဍကို လုံးဝ မသိကျိုးကျွံပြုထားခဲ့တာပါ။

ဒုတိယပိုင်းတစ်ပိုင်းလုံး ဘောလုံးကိုင်ကစားနေပြီး ၅ မိနစ်တစ်ပိုင်း ဘောလုံးပိုင်ဆိုင်မှုကို ပြချိန်မျိုးဆိုရင် ၈၉ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မှုရှိနေတဲ့ နယူးကာဆယ်လ်တို့အနေနဲ့ မဖြစ်နိုင်တာတွေချည်း လုပ်နေခဲ့သလို ဘယ်တောင်ပံမှာ စန်မက်ဇီမန်တစ်ယောက်တည်းနဲ့ ကစားပြီး ဘာမှ လုပ်မရခဲ့လို့ ကျွမ်းကျင်သူတွေအနေနဲ့တော့ အရန်ခုံက တားဂက်ကိုများ ထည့်မလားလို့ မျှော်လင့်ခဲ့ပေမယ့် ဒန်ဘန်းကိုပဲ ပွဲပြီးတဲ့အထိ သုံးသွားခဲ့တာဖြစ်ပါတယ်။

ဘောလုံးပေးတယ်၊ ပျက်တယ်၊ တောင်ပံတွေမှာ လျှောက်ဆွဲတယ်၊ စိတ်မရှည်တဲ့ နောက်ဆုံးမှာ ပိတ်ထားတဲ့အထဲ ဖြစ်ချင်ရာဖြစ် ကန်ထည့်လိုက်တယ်ဆိုတဲ့ ဘာလုပ်လို့ လုပ်ချင်မှန်း မသိတဲ့ ကစားကွက်ကို နယူးကာဆယ်လ်တို့ တောက်လျှောက်သုံးသွားခဲ့ပြီး တန်ဟတ်ကတော့ အဝါ ထိထားတဲ့ ဖရက်ဒ်နဲ့ ရှေ့က ဗက်ဂ်ဟော့စ်တို့အစား ဆာဘစ်ဇာနဲ့ မက်တော်မီနေးတို့ကို ထပ်ထည့်ခဲ့တာပါ။

နယူးကာဆယ်လ်တို့ ဘောလုံးကို ခြေထဲထားပြီး ကစားနေကြပေမယ့် နည်းပြရဲ့ ဗျူဟာနဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက နှစ်ဂိုး-ဂိုးမရှိဆိုရင် အချိန်ပိုကန်ရတယ်လို့ ထင်နေသလားတောင် မှတ်ရပြီး စန်မက်ဇီမန်နဲ့ ဘရူနို ဂီမာရိုင်းစ်တို့အစား မာဖီနဲ့ ဝီလော့ခ်တို့ကို လဲသွားခဲ့တာကလည်း မန်ယူဂိုးရှေ့ရောက်တာနဲ့ အလကားပဲဖြစ်သွားခဲ့ချိန်မှာ တန်ဟတ်ကတော့ ဆန်ချိုကို ထည့်ပြီး အန်တိုနီကို အနားပေးသွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာလည်း နယူးကာဆယ်လ်တို့ရဲ့ ဉာဏ်ရည်မမီတဲ့ တိုက်စစ်ကို ယူနိုက်တက်တို့ ပါးပါးနပ်နပ်ပဲ ထိန်းချုပ်သွားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ နောက်ထပ် ဂိုးရနိုင်ခွင့် တစ်ကြိမ်ကိုတော့ ဘရူနို ဖာနန်ဒက်စ်က လူပေးရမယ့်အစား ကန်သွင်းရာမှာ ကားရီးယပ်စ် ပုတ်ထုတ်နိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ ပထမပိုင်းကအတိုင်း နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးသွားခဲ့တာပါ။


Your new digest 50

Post a Comment

Previous Post Next Post